မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ ချေပဂိုးသွင်းယူပေးခဲ့တဲ့ ကာဗာနီဟာ အသင်းမှာရှိတဲ့ အခြားတိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားခြင်းမရှိတဲ့ အရည်အသွေးတွေ သယ်ဆောင်လာခဲ့တယ်လို့ ယုံကြည်နေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဖူလ်ဟမ်အသင်းအိမ်ကွင်းမှာ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပေမယ့် ကာဗာနီရဲ့ ချေပဂိုးနဲ့ ပေါ့ဂ်ဘာရဲ့ လှပတဲ့ ဘယ်ခြေကန်ချက်နဲ့အတူ အဖိုးတန် အနိုင် ၃ မှတ် ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ကာဗာနီဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ အထောင်တိုက်စစ်အနေနဲ့ ပါဝင်လာခဲ့ပြီး မာရှယ်နဲ့ ဂရင်းဝုဒ်တို့က တောင်ပံ ၂ ဖက်မှာ ကစားခဲ့ကြတာဖြစ်ပါတယ်။

Photo: Metro
ပေါ့ဂ်ဘာက ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟောင်း ကာဗာနီဟာ နောက်ဆုံးမှာတော့ ယူနိုက်တက်မှာ လစ်လပ်နေတဲ့ တိုက်စစ်ဗဟိုဆုံချက်နဲ့ ချိန်သားကိုက်ဂိုးသွင်းယူမှုတို့ကို ပေးစွမ်းနိုင်ခဲ့ပြီဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“အီဒီက ထိပ်တန်းအဆင့်တိုက်စစ်မှူးဆိုတာ အားလုံး သိကြပါတယ်။ သူ့လိုမျိုး တိုက်စစ်မှူးက ကမ္ဘာပေါ်မှာ နောက်ထပ်အနည်းငယ်ပဲရှိပါတယ်။ ကျွန်တော်တို့ အဲဒီထဲက တစ်ယောက်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ရခဲ့တာပါ”
“အခက်ခဲဆုံးသွင်းဂိုးတွေက အဲဒီလို ဂိုးတွေဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့မှာ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့လို ပါရမီရှိတဲ့ ကစားသမားတွေ ရှိပြီး သူတို့တွေက ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ကန်သွင်းယူနိုင်ပေမယ့် သူတို့မှာ ဒီလို အရည်အချင်းမျိုးတော့ မရှိပါဘူး။ အီဒီရဲ့ အတွေ့အကြုံလိုမျိုးနဲ့ အီဒီနဲ့ တူညီတဲ့အရည်အသွေးမျိုးလည်း သူတို့မှာ မရှိပါဘူး”

Photo: Lenex Web
“အဲဒီတော့ ကျွန်တော်တို့ တိုက်စစ်မှာရှိနေတဲ့ ကစားသမားတွေ တစ်ယောက်နဲ့တစ်ယောက် ဖြည့်ကစားပေးနေတယ်လို့ ကျွန်တော် ထင်ပြီး အီဒီက ဒီနေ့လုပ်ခဲ့သလိုမျိုး သူ့ရဲ့ ခြေစွမ်းအဆင့်အတန်းကို ပြသနိုင်တယ်ဆိုတာ သိသာပါတယ်”
“ကျွန်တော်တို့ မှန်ကန်တဲ့အချိန်မှာ လိုအပ်ခဲ့တာ အဲဒီလိုသွင်းဂိုးတွေပါ။ သူ အသင်းကို အနိုင်ရအောင် ကူညီပေးဖို့အတွက် အမြဲတမ်း အချိန်ကိုက် အဲဒီမှာရှိနေခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။
