လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် စရိုက်တူတာမျိုး မဟုတ်ပါဘူး။ လူတွေကို အမျိုးအစား ခွဲကြည့်မယ်ဆိုရင် အခြေခံအားဖြင့် အပြင်စွဲစိတ်ရှိသူ Extroverts တွေနဲ့ အတွင်းစွဲဆန်သူ Introverts ဆိုပြီး ရှိကြပါတယ်။ အပြင်စွဲစရိုက်ပိုင်ရှင်တွေဟာ လူတွေနဲ့ နေရတာ သဘောကျပြီး Social ကျတဲ့သူတွေ ဖြစ်လေ့ရှိပါတယ်။ အတွင်းစွဲ စရိုက်သမားတွေကတော့ ကိုယ့်အနားမှာ လူတွေ ဝိုင်းနေတာကိုပဲ ငြီးငွေ့တတ်ပြီး တစ်ယောက်တည်းပဲ အချိန်ကုန်ချင်တဲ့သူတွေ ဖြစ်ပါတယ်။

တစ်ယောက်တည်း နေရတာ သဘောကျပါတယ်ဆိုတဲ့ Introverts သမားတွေမှာလည်း သူ့ဟာနဲ့သူ ထူးခြားတဲ့ စရိုက်လက္ခဏာလေးတွေ ရှိပါတယ်။ ဒီလို စရိုက်လေးတွေထဲက ချီးကျူးစရာစရိုက်တချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) သစ္စာရှိတတ်တယ်

young-couple-together-walking-autumn-park

Photo: Freepik

Introverts တွေက အာရုံစိုက်မခံချင်တဲ့လူမျိုး ဖြစ်ပါတယ်။ သူတို့ပေါင်းတဲ့သူတွေဆိုတာကလည်း တကယ့်ကို ရင်းနှီးတဲ့ မိတ်ရင်းဆွေချာတွေပါပဲ။ Extroverts တွေကတော့ တွေ့ရာလူနဲ့ အဆင်ပြေအောင် ပေါင်းသင်းသွားကြပေမယ့် Introverts တွေဟာ ဘဝမှာ မိတ်ဆွေများများ မထားဘဲ ကိုယ့်ရဲ့ လက်တစ်ဆုပ်စာ မိတ်ဆွေတွေအပေါ်လည်း သစ္စာရှိတဲ့သူ ၊ ယုံကြည်ထိုက်တဲ့ သူငယ်ချင်းကောင်းဖြစ်အောင် နေထိုင်သွားကြပါတယ်။

(၂ ) သဘောထားအမြင် ပွင့်လင်းတယ်

young-man-with-curly-hair-drinking-coffee-talking-phone

Photo: Freepik

Open-Minded ဖြစ်တယ်ဆိုတာ သဘောထားမတင်းမာဘဲ အပြောင်းအလဲကို လက်ခံနိုင်စွမ်းရှိတာကို ဆိုလိုတာပါ။ လူတော်တော်များများ အမြင်မှာ တစ်ယောက်တည်းနေရတာ သဘောကျတဲ့သူတွေဟာ အမြင်ကျဉ်းလိမ့်မယ် ၊ ပြောရဆိုရခက်မယ် ထင်ကြပေမယ့် တကယ်တမ်းမှာတော့ သူတို့ဟာ စွန့်စားခန်းတွေနဲ့ အတွေ့အကြုံသစ်တွေအတွက် အခွင့်အလမ်းတွေကို အမြဲကြိုဆိုနေသူတွေ အမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်သူတွေ ဖြစ်တတ်ကြပါတယ်။

(၃) ပင်ကိုယ်သိစိတ် Level မြင့်တယ်

man-with-sunglasses-wearing-white-t-shirt-posing

Photo: Freepik

ဒီနေ့ခေတ်မှာ လူတော်တော်များများဟာ Self-Awareness လို့ ခေါ်တဲ့ ကိုယ့်ပင်ကိုယ်စရိုက်ကို သိနိုင်စွမ်း နည်းနည်းလာနေပါတယ်။ နေ့စဉ်ဘဝမှာ ကိုယ့်အကြောင်းထက် စိတ်ဝင်စားစရာတွေကလည်း များသထက် များလာတာ မလား။ Social Media ခေတ်လို သတင်းအချက်အလက်သစ်တွေ ၊ အာရုံစားစရာ အကြောင်းအရာသစ်တွေ ပေါက်ကွဲထွက်လာနေတဲ့ ကျွန်တော်တို့လူနေမှုပုံစံက ကျွန်တော်တို့ရဲ့ ကိုယ့်အကြောင်းကို သိအောင် ပြန်သုံးသပ်ဖို့ ခက်ခဲလာပါပြီ။

တစ်ယောက်တည်းနေတဲ့သူတွေအဖို့ တခြားသူတွေနဲ့ ယှဉ်ရင် အာရုံနောက်စရာ နည်းပါတယ်။ ကိုယ့်အကြောင်းကို ပြန်တွေးဖို့ အချိန်ပိုရပါတယ်။ သူတို့ရဲ့ ခံစားချက်တွေ ၊ အတွင်းထဲက အတွေးတွေနဲ့ ချိတ်ဆက်ဖို့ဆိုတာ သူတို့ရဲ့ နေ့စဉ်ဘဝလိုကို ဖြစ်နေပါတယ်။

(၄) သူ့အကန့် ကိုယ့်အကန့် သိတယ်

sideways-man-listening-music-while-meditating

Photo: Freepik

Introverts တွေက သူတို့ဘဝထဲကို ရောက်လာမယ့်လူတွေကို ရေစစ်လို စစ်ပြီး လက်ခံတတ်တဲ့ အမျိုးပါ။ သူတို့ကိုယ်တိုင်ကလည်း ကိုယ့်စည်းသူ့စည်း ပြတ်အောင်နေသလို တခြားသူတွေလည်း ကိုယ့်စည်းထဲ ကျော်လာတာကို လက်မခံပါဘူး။ ကိုယ်တိုင်ထားတဲ့ အကန့်ကို လေးစားသလို သူတစ်ပါးရဲ့ ကန့်သတ်ချက်တွေ ၊ အချိန်နဲ့ တန်ဖိုးထားမှုတွေကို လေးစားလိုက်နာတတ်ပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် တခြားသူတွေရဲ့ ဖြစ်တည်မှုကို နားလည်ပြီး စာနာတာပဲ ဖြစ်ပါတယ်။

(၅) အေးအေးဆေးဆေး သမားတွေ ဖြစ်တယ်

man-with-mask-street-reading-book

Photo: Freepik

တစ်ယောက်တည်းသမားတွေက ပြဿနာတွေကို ပိုပြီး သက်တောင့်သက်သာ ရင်ဆိုင်နိုင်တယ်။ ပြဿနာရဲ့ အဖြေကို ရှာရာမှာလည်း ပိုပြီး လွယ်လွယ်နဲ့ ရှာနိုင်လေ့ ရှိပါတယ်။ အများအားဖြင့် ကိုယ့်စိတ်နဲ့ကိုယ် ရင်းနီးနေတဲ့သူတွေ ဖြစ်လို့ ကိုယ့်ပြဿနာကိုလည်း ပိုပြီး ရင်းရင်းနီးနီး သိဖို့ အကြောင်းရှိပါတယ်။ စိတ်ပင်ပန်းလာရင်လည်း ကိုယ့်ဘာသာကို အေးရာအေးကြောင်း ရှာနေဖို့ ကြိုးစားတတ်သူတွေ ဖြစ်ပါတယ်။