ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ မကြာသေးမီက အစီရင်ခံစာတစ်ခုမှာ စိတ်ဓါတ်ကျခြင်းဟာ ကမ္ဘာတစ်လွှားက လူသန်းပေါင်း ၂၅၀ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာလို့ ဆိုပါတယ်။ လူတိုင်းဟာ မကြာခဏဆိုသလို စိတ်ဓါတ်ကျဆင်းနိုင်ပါတယ်။ ဒါပေမယ့်လည်း Clinical Depression လို့ ခေါ်တဲ့ ရောဂါအဖြစ် နာမည်ပါ တပ်ခေါ်ရတဲ့ အဆင့်မှာဆို လူဟာ တစ်ချိန်လုံးနီးပါး စိတ်ခံစားချက်က အောက်ထစ်ဆုံး ကျဆင်းနေပြီး Energy Level လည်း နိမ့်ဆင်းကျနေပါမယ်။

ဘာကိုမှလည်း စိတ်ဝင်စားလို့မရ။ ကိုယ်လက်လှုပ်ရှားမှုနဲ့ ကိုယ်ဝါသနာပါတာတောင် မလုပ်ချင်မကိုင်ချင် ဖြစ်နေတတ်ပါတယ်။ညဘက်တွေမှာဆို အိပ်စက်ဖို့လည်း ခက်လာသလို ခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ်လည်း ကုန်ခမ်းနေတတ်ပါတယ်။ စိတ်ဓါတ်ကျဆင်းလာခြင်းဟာ လူနေမှုဘဝနဲ့ ရုပ်ပိုင်းကျန်းမာရေးတွေကိုပါ သက်ရောက်လာပြီး အဆိုးဆုံးအခြေအနေမှာဆို သေကြောင်းကြံတဲ့အထိ ဖြစ်နိုင်ပါတယ်။

Photo: Freepik

ဒါပေမယ့်လည်း စိတ်ဓါတ်ကျခြင်းကို သိနိုင်ဖို့က သင်ထင်သလောက် မလွယ်ပါဘူး။ သင့်သူငယ်ချင်းတစ်ယောက် ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်မှာ စိတ်ကျရောဂါခံစားနေရသလား သိနိုင်ဖို့ မလွယ်ပေမယ့် စိတ်ဓါတ်ကျနေသလားကို သူတို့ပြောနေတဲ့ စကားလုံးတွေကနေ ခန့်မှန်းကြည့်လို့ရပါတယ်။ Clinical Psychological Science အသင်းရဲ့ လေ့လာမှုအရ စကားလုံးတွေဟာ Depression ဖြစ်နေသလားကို အရိပ်အမြွက် ညွှန်းနိုင်တယ်လို့ ဆိုပါတယ်။သုတေသီတွေဟာ အင်တာနက်ဖိုရမ်ပေါင်း ၆၃ ခုမှာ စာသား ခွဲခြမ်းလေ့လာမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ အဖွဲ့ဝင် ၆၄၀၀၀ ကျော် ပါဝင်တဲ့ ဖိုရမ်တွေကို လေ့လာခဲ့ရာမှာ စိတ်ဓါတ်ကျနေတဲ့ သူတွေဟာ မကြာခဏဆိုသလို “Nothing” ၊ “Never” ၊ “Everyone ” နဲ့ “Everything” ဆိုတဲ့ စကားလုံးတွေ သုံးခဲ့တယ်လို့ ဆိုပါတယ်။

” စဖြစ်လာပြီဆိုကတည်းက စိတ်ကျဝေဒနာခံစားရသူတွေဟာ လောကကြိးကို အဖြူအမည်းဆိုတာထက် ပိုတဲ့ အမြင်နဲ့ ကြည့်ပါတယ်။ ဒါကပဲ သူတို့ရဲ့ ဘာသာစကားစတိုင်မှာ ထင်ဟပ်နေပါတယ်။” လို့ ယူကေ ရက်ဒင်းတက္ကသိုလ်မှ စိတ်ပညာဒေါက်တာ မိုဟာမက်အယ်မိုဆာအီဝီက ဆိုပါတယ်။ စိတ်ကျဝေဒနာခံစားရသူတွေဟာ အဆိုးမြင်တဲ့ နာမဝိသေသနနဲ့ ကြိယာဝိသေသနတွေ အများကြီး သုံးကြပါတယ်။

Photo: Pixabay

ဒီထဲမှာ “lonely” “Sad” “Miserable” စတဲ့ စကားလုံးတွေ ပါဝင်နေပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက စိတ်ဓါတ်ကျသူတွေဟာ ကိုယ့်ကိုယ်ကို အစွဲပြုတဲ့ “I” “Me” နဲ့ “Myself” စတဲ့ အသုံးအနှုန်းတွေ သုံးကြတယ်လို့ ဆိုပါတယ်။ ဒီစကားလုံးတွေဟာ ကမ္ဘာပေါ်မှာ အထီးကျန်တယ်လို့ ခံစားနေရကြောင်း ဖော်ပြနေတဲ့ စကားလုံးတွေလည်း ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို စိတ်ဓါတ်ကျလာတယ် ခံစားရပြီဆိုရင် ကိုယ့်ရဲ့ တွေးခေါ်မှု ပုံစံကို ပြောင်းဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို ပျော်အောင်ထားတဲ့ ပုံစံလည်း ပိုပြီး မြှင့်ပေးဖို့ လိုပါတယ်။ တရားထိုင်ခြင်း ၊ ယောဂကစားခြင်းလိုမျိုး ကိုယ်နဲ့စိတ်ကို အနားရစေတဲ့ လူနေမှုပုံစံကို ပိုလုပ်ပေးဖို့လိုပါတယ်။ ကိုယ်ယုံကြည်တဲ့ မိတ်ဆွေတစ်ယောက်ယောက်ကို ရင်ဖွင့်ပြီး အကြံတောင်းခံတာမျိုးနဲ့လည်း သက်သာအောင် လုပ်လို့ရပါတယ်။ သိပ်ကို ဆိုးရွားလာပြီလို့ ထင်ရင်တော့ စိတ်ကျန်းမာရေးပညာရှင်တစ်ဦးဆီမှာ တိုင်ပင်အကြံယူသင့်ပါတယ်။