Genius တစ်ယောက်ဖြစ်ဖို့ IQ Score ဟာ အနည်းဆုံး ၁၄၀ ရှိဖို့ လိုတယ်လို့ ဆိုပါတယ်။ IQ ၁၄၀ ရှိတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ များများစားစား တွေ့ဖူးကြမှာ မဟုတ်ပါဘူး။ တချို့သူတွေကတော့ မဟာပါရမီရှင်ကြီးလို့ ဆိုကြတဲ့ အဲလ်ဘတ်အိုင်းစတိုင်းရဲ့ IQ ၁၆၀ ထက်တောင် IQ မြင့်ကြပါတယ်။ သူတို့က ဘယ်သူတွေလဲ ၊ ဘာအလုပ်တွေ လုပ်ခဲ့ကြသလဲ။

(၅) Terence Tao

Terence Tao

Photo: Brightside Me

ဩစတြေးလျ- အမေရိကန် သင်္ချာပညာရှင် Terence Tao ကို ၁၉၇၅ ဇူလိုင် ၁၇ ရက်နေ့မှာ မွေးပါတယ်။ အသက် ၄၅ နှစ်ပဲ ရှိသေးတဲ့ Tao ဟာ IQ Score အနေနဲ့ ၂၂၀ ကနေ ၂၃၀ အကြား ရှိတယ်လို့ ဆိုပါတယ်။ အသက် ၉ နှစ်မှာ သူဟာ တက္ကသိုလ်အဆင့် သင်္ချာသင်ရိုးတွေ တက်ရောက်နေပြီး အသက် ၂၁ မှာ ပရင့်စတန်ကနေ ပါရဂူဘွဲ့ Ph.D ရထားတယ်လို့ ဆိုပါတယ်။ UCLA မှာ အသက် ၂၄ နှစ်ကစပြီး သင်္ချာပါမောက္ခအဖြစ် ဆရာလုပ်နေပါတယ်။ UCLA သမိုင်းမှာ အသက်အငယ်ဆုံး အချိန်ပြည့်ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။

(၄) Christopher Hirata

Christopher Hirata

Photo: Brightside Me

၁၉၈၂ ဖွား အသက် ၃၈ နှစ်ပဲ ရှိသေးတဲ့ အမေရိကန်အာကာသဆိုင်ရာ ရူပဗေဒပညာရှင်ဟာ အသက် ၁၃ နှစ်သားကတည်းက နိုင်ငံတကာ ရူပဗေဒအိုလံပစ်ဆုရှင်ဖြစ်ခဲ့တဲ့ ဉာဏ်ကြီးရှင်လည်း ဖြစ်ပါတယ်။ အသက် ၁၉ နှစ်မှာ ကယ်လီဖိုးနီးယားနည်းပညာအင်စတီကျူ့ဒ်ကနေ ဘွဲ့ရ ၊ အသက် ၂၂ မှာ ပရင်စတန်ကနေ ဒေါက်တာဘွဲ့ရခဲ့ပါတယ်။ အသက် ၁၅ နှစ်ကတည်းက NASA မှာ အလုပ်ဝင်နေခဲ့သူဖြစ်ပါတယ်။ IQ ရမှတ် ၂၂၅ မှတ်အထိ ရထားပါတယ်။

(၃) Marilyn Vos Savant

Marilyn Vos Savant

Photo: Brightside Me

အမြင့်ဆုံး IQ Score ပိုင်ရှင်တွေထဲက တစ်ဦးဖြစ်တဲ့ Marilyn Vos Savant ရဲ့ အလုပ်အကိုင်က မဂ္ဂဇင်းကလောင်ရှင်ဖြစ်ပါတယ်။ အသက် ၁၀ နှစ်မှာ အမြင့်ဆုံး IQ ရှိသူအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၇၄ နှစ်ရှိပြီ ဖြစ်တဲ့ သူမဟာ မာရီလင်းကို မေးပါ ဆိုတဲ့ Ask Marilyn ကဏ္ဍနဲ့ နာမည်ကြီးပါတယ်။ စာအုပ်တွေ အများအပြား ထုတ်ဝေထားပြီး စီးပွားရေးပညာရပ်ဆိုင်ရာ အမျိုးသားကောင်စီမှာလည်း ဘုတ်အဖွဲ့ဝင်ဖြစ်ပါတယ်။ သူမရဲ့ IQ ကတော့ ၁၈၆ ကနေ ၂၂၈ မှတ်အကြားမှာ ရှိပါတယ်။

(၂) Ainan Cawley

Ainan Cawley

Photo: Quora

စင်ကာပူနိုင်ငံသား တေးရေးဆရာ Ainan Cawley ဟာ အခုမှ အသက် ၂၁ နှစ်ပဲ ရှိသေးတဲ့ ဉာဏ်ကြီးရှင် ဖြစ်ပါတယ်။ ၁၉၉၉ မှာ ဖွားခဲ့တဲ့သူဟာ IQ Score ၂၅၀ ရှိပါတယ်။ အသက် ၆ နှစ်ကစလို့ ပထမဆုံး Lecture ပြခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၁၂ နှစ်မှာ တေးရေးဆရာအဖြစ် ရုပ်ရှင်လုပ်ငန်းထဲ ဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူ့ကိုယ်ပိုင် The Sempiternal ရုပ်ရှင်ကို ကိုယ်တိုင် ရေးသား တည်းဖြတ်ရိုက်ကူးမှု လုပ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက သူ့အသက်ဟာ ၁၄ နှစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။

(၁) Marnen Laibow-Koser

Marnen Laibow-Koser 

Photo: Business Insider

Marnen Laibow-Koser ရဲ့အကြောင်းက လူသိနည်းလှပါတယ်။ ကလေးကတည်းက ပါရမီ့ရှင်အဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ကလေးဘဝ စမ်းသပ်ချက်အရ သူ့ရဲ့ IQ ရမှတ်ဟာ ၂၆၈ မှတ်အထိ ရှိတယ်လို့ ဆိုပါတယ်။ သူ့ဝက်ဘ်ဆိုက်မှာဆိုရင် သူတတ်မြောက်တဲ့ ဘာသာစကား ၇ မျိုး ရှိပြီး အင်္ဂလိပ် ၊ ဂျာမန် ၊ ဂျပန် ၊ ပြင်သစ် ၊ ရုရှား ၊ အက်စ်ပါရန်တိုနဲ့ ကလီဂွန်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အလုပ်အကိုင်အနေနဲ့ ပရိုဂရမ်မာ ၊ တေးရေးဆရာနဲ့ ဂီတပညာရှင်အဖြစ် အသက်မွေးပါတယ်။