ပက် ဂွါဒီယိုလာက ပီအက်စ်ဂျီအသင်းရဲ့ နေမာ၊ အမ်ဘာပေနဲ့ လီယွန်နယ် မက်ဆီတို့ တိုက်စစ် ၃ ဦးအတွဲကို ဘယ်လို တားဆီးသွားမှာလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ မသိပါဘူးလို့ ပြုံးရင်း အဖြေပြန်ပေးခဲ့ပါတယ်။

ကမ္ဘာ့အဆင့်တိုက်စစ်မှူး ၃ ဦးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးတွေအနေနဲ့ ပြဿနာမပေးနိုင်အောင် မန်စီးတီးအသင်းဟာ အသင်းလိုက်အားထုတ်မှုနဲ့ ကာကွယ်ဖို့ လိုအပ်မှာဖြစ်ပြီး ဂွါဒီယိုလာကတော့ ဘယ်လို ကာကွယ်ရမလဲမသိဘူးလို့သာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ နေမာနဲ့ အမ်ဘာပေတို့ကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ယခုနွေရာသီမှာ လီယွန်နယ် မက်ဆီကို ခေါ်ယူခဲ့ပြီးကတည်းက တိုက်စစ်က ပိုလို့တောင် ကြောက်မက်ဖွယ်အရည်အသွေးတွေနဲ့ အင်အားကြီးမားလာခဲ့တာဖြစ်ပါတယ်။

Neymar, Messi and Mbappe could all face Man City

Photo: Manchester Evening News

ဂွါဒီယိုလာက ပီအက်စ်ဂျီ တိုက်စစ်မှူး ၃ ဦးဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ကို ချီးကျူးစကားပြောကြားခဲ့ပြီး ၎င်းတို့ကို တားဆီးဖို့အတွက် ကစားသမားတွေကို အလုပ်လုပ်ကြဖို့ စိန်ခေါ်ခဲ့ပါတယ်။

“ဒီလို အရည်အသွေးပမာဏနဲ့ သူတို့ကို ဘယ်လို ရပ်တန့်ရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့တွေက အရမ်းကောင်းတယ်။ သူတို့အားလုံး ပေါင်းထားတဲ့ ပါရမီကို ထိန်းချုပ်ဖို့ဆိုတာက အရမ်းခက်ပါတယ်။ ကျွန်တော်တို့ ဘောလုံးမပါဘဲ ကောင်းကောင်းခုခံဖို့ ကြိုးပမ်းရမှာဖြစ်ပြီး ကျွန်တော်တို့ ဘောလုံးရတဲ့အချိန်မှပဲ သူတို့ကို ပြေးလွှားခွင့်ပေးရမှာပါ။ အဲဒါက ကျွန်တော်တို့ လုပ်ရမယ့်ဟာပဲ”

“သူတို့က သူမတူ ထူးခြားတဲ့ ကစားသမားတွေဖြစ်ပြီး အားလုံးကလည်း အဲဒါကို သိကြပါတယ်။ သူတို့အားလုံးက အရမ်းကောင်းပါတယ်။ တစ်ဦးချင်းလည်း ကစားနိုင်ပြီး သူတို့တွေ စုပေါင်းချိတ်ဆက်ပြီးလည်း ကစားနိုင်ပါတယ်”

Pep Guardiola

Photo: newsandstar

“သူတို့ကို ရှုံးထွက်အဆင့်မှာ အနိုင်ယူနိုင်မယ်လို့ ခံစားနေလို့မရဘူး။ ဒါက ရာသီသစ်၊ စိန်ခေါ်မှုအသစ်ပါ။ ခင်ဗျား ၃ ပွဲဆက်တိုက်ပွဲနိုင်နိုင်၊ ၃ ပွဲဆက်တိုက်ပဲ ရှုံးရှုံး ကျွန်တော် ဂရုမစိုက်ပါဘူး။ အရေးကြီးတာက လွန်ခဲ့တဲ့ ၃ ရက်လောက်တုန်းက ကစားခဲ့တဲ့ပွဲစဉ်မှာ ကျွန်တော်တို့ကို အပေါင်းလက္ခဏာဆောင်တဲ့ အင်အားတွေအများကြီး ပေးခဲ့တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၆ ရက်လောက်က ဆောက်သမ်တန်နဲ့ ကျွန်တော်တို့ သရေကျခဲ့တယ်။ ဘောလုံးက နိမ့်လိုက်၊ မြင့်လိုက် အရမ်းလျင်လျင်မြန်မြန် အရာအားလုံးပြောင်းလဲနေတဲ့အရာမျိုးပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Manchester Evening News