၁၉၈၃ ခုနှစ်ကထုတ်ဝေခဲ့တဲ့ Stephen King ရဲ့ Pet Sematary ဝတ္ထုကို ပြန်လည်အသက်သွင်းပြီး ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပဲဖြစ်ပါတယ်။ စာရေးဆရာက သူ့အိမ်နားက အိမ်မွေးတိရစ္ဆာန်သချိုင်းကို အခြေတည်ပြီး ရေးသားခဲ့တဲ့ ဝတ္ထုပဲဖြစ်ပါတယ်။ ဝတ္ထုဖြန့်ချီပြီး ရက်ပိုင်းအတွင်း Best Seller အဖြစ်သတ်မှတ်ခံရတဲ့အထိအောင်မြင်သွားခဲ့တဲ့ ဝတ္ထုလေးပဲဖြစ်ပါတယ်

Source: variety.com

စာရေးဆရာ Stephen King တို့ နေထိုင်နေတဲ့ မြို့လေးမှာအဝေးပြေးလမ်းမကြီးတစ်ခုရှိပါတယ်။ ထိုလမ်းမပေါ်မှာအရှိန်ပြင်းစွာမောင်းနှင်တဲ့ ကုန်တင်ကားတွေကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေ အသက်ဆုံးရှုံးပေါင်းလည်း မနည်းတော့ပါဘူး။ သေဆုံးသွားတဲ့ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ Stephen တို့အိမ်က ကြောင်လေးလည်း ကားကြိတ်ခံရရင်းသေသွားတာပါပဲ။ တစ်ရက်မှာတော့ Stephen ရဲ့ သားလေးလည်း ဆော့ကစားနေရင်းနဲ့ ကားတိုက်ခံရမယ့် အန္တရာယ်ကနေ လက်မတင်ကလေး လွတ်မြောက်သွားတဲ့တာပါ။ Stephen က အကယ်၍ သူ့သားလေးသာ အဲ့ဒီလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရင်း သေသွားခဲ့မယ်ဆိုရင် သူဘယ်လိုခံစားရမလဲ၊ သူ့သားကို ဘယ်လိုပြန်ရှင်အောင် ပြုလုပ်မလဲဆိုတဲ့ အတွေးပေါင်းများစွာကို အခြေတည်ရင်း ဒီဝတ္ထုလေးကို စရေးခဲ့တာပဲဖြစ်ပါတယ်။

Source: bloody-disgusting.com

ဝတ္ထုကို ပြန်လည်အသက်သွင်းတဲ့အခါမှာလည်း ကြောက်မက်ဖွယ်ရာကောင်းအောင် ပီပီပြင်ပြင်ပုံဖော်ရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတယ်ဆိုရင်လည်း မမှားပါဘူး။ Pet Sematary ဆိုတဲ့ နေရာက Stephen King ရဲ့ အိမ်နားမှာ အမှန်တကယ်ရှိတဲ့ သချိုင်းတစ်ခုပဲဖြစ်ပါတယ်။ အိမ်နီးချင်းကလေးတွေရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို မြှုပ်နှံထားတဲ့နေရာလေးပေါ့။ Pet Cemetary လို့ စာလုံးပေါင်းရမယ့်အစား ဆိုင်းဘုတ်ရေးပေးသူက Pet Sematary လို့ မှားရေးထားတဲ့အတိုင်း ဝတ္ထုရေးဆရာက သူ့ဝတ္ထုထဲမှာ ထိုအတိုင်းထည့်ရေးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ထိုဒေသကလူမျိုးတွေရဲ့ ရိုးရာပုံပြင်တွေထဲမှာလည်း လူသေမြှုပ်ရင် ပြန်ရှင်လာစေတဲ့ မိစ္ဆာသချိုင်းပုံပြင်တွေကလည်း ဒဏ္ဍာရီသဖွယ် ပြောစမှတ်တွင်နေကြတာ ယနေ့ထက်ထိပါပဲ။

Source: popsugar.com

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ Dr. Louis Creed က သူ့မိန်းမရယ် ကလေးနှစ်ယောက်နဲ့အတူ ဘော်စတွန်ကနေ Maine လို့ခေါ်တဲ့ ကျေးလက်ဒေသလေးကို ပြောင်းရွှေ့လာခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ သူတို့လင်မယားက သူတို့အိမ်နားက သစ်တောရဲ့ မြေကြီးအောက်မှာ ထူးဆန်းကြောက်မက်ဖွယ်ရာတွေ မြှုပ်နှံထားတယ်ဆိုတာကို သိရှိသွားခဲ့ကြတယ်။ သိသိချင်းပဲ Louis က သူ့ရဲ့အိမ်နီးချင်း Jud Crandall ဆီ ဘာတွေလုပ်ရမလဲဆိုပြီး အကူအညီ အကြံဥာဏ်သွားတောင်းတော့တာပေါ့။ Louis တို့ မိသားစု ဘယ်လိုထူးဆန်းကြောက်မက်ဖွယ်ရာတွေနဲ့ ကြုံတွေ့ရတာလဲ၊ သူတို့ မိသားစု ဘေးအန္တရာယ် ကင်းလွတ်နိုင်ပါ့မလားဆိုတာကို “Pet Sematary” ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားထဲမှာ ရင်တထိတ်ထိတ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Source: Paramount Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Nay Pyi Taw Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Yein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)