မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ဖီးလ်ဂျုံးစ်က ဒီနေ့ခေတ်လူငယ်ကစားသမားတွေ ရင်ဆိုင်နေတဲ့ အလွန်ရန်လိုပြီး အဆိပ်အတောက်များတဲ့ လူမှုကွန်ရက်အသိုင်းအဝိုင်းအကြောင်း ပြောကြားခဲ့ပြီး ဘာကြောင့် ၂၀၁၇ ခုနှစ်ကတည်းက လူမှုကွန်ရက်မှာ ပို့စ် မတင်တော့တာလဲဆိုတာပါ ပြောပြခဲ့ပါတယ်။

Phil Jones

Photo: Sportsmax

အသက် ၂၉ နှစ်အရွယ်နောက်ခံကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့လက အင်တာဗျူးမှာ ၎င်းကို ဝေဖန်ခဲ့ကြသူတွေကို အရှိုက်ထိစေမယ့် စကားလုံးတွေနဲ့ ပြန်လည်ထိုးနှက်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်က ပစ်မှတ်ထားရလွယ်လို့ဖြစ်မယ်။ ဘောလုံးသမားတိုင်းမှာ သူ့အမှတ်အသားနဲ့သူရှိပြီး ကံဆိုးချင်တော့ ကျွန်တော့်ကျမှ ငါတို့တွေ ဒီကောင့်ကို ဝိုင်းလှောင်ရအောင်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒါပေမယ့် ကျွန်တော် အချိုသာဆုံးနည်းလမ်းနဲ့ ဒီလိုပဲ ပြောမယ်။ နောက်ဆုံးရယ်ခဲ့တဲ့သူက ဘယ်သူလဲဆိုတာ ကျွန်တော် သိတယ်”

“ကျွန်တော့်ရဲ့ ကစားသမားဘဝကို ဂုဏ်ယူမိပြီး ဘောလုံးသမားဘဝ ပြီးဆုံးသွားရင် ကျွန်တော့်ဘဝကို ပျော်ရွှင်စွာနဲ့ နေသွားမှာပါ။ ဒါနဲ့ စကားမစပ် ကျွန်တော်က အဲဒီလိုလုပ်နိုင်လို့ သောက်ရမ်း ကံကောင်းတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးသမားတွေက ကံကောင်းတဲ့သူတွေမို့လို့လေ။ ကီးဘုတ်ဖိုက်တာတွေကတော့ သူတို့အမေရဲ့ အိပ်ခန်းမှာ ကပ်နေပြီး ပိန်စေတဲ့ အဆီကျ ပက်စီလေး စုတ်၊ ခေါက်ဆွဲပြုတ်သောက်ပြီး အတွင်းခံဘောင်းဘီတိုနဲ့ ထိုင်ပြီး တွိနေကြတာလေ”

former england national centre back

Photo: Eurosport

တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ်တို့လိုမျိုး လူမှုကွန်ရက်ကနေတဆင့် နှစ်ပေါင်းများစွာ စော်ကားခြင်းကို ခံခဲ့ရတဲ့ ဖီးလ် ဂျုံးစ်ဟာ လူမှုကွန်ရက်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းကို အတွင်းကျကျ ပရိသတ်တွေကို အဖြေပေးခဲ့ပါတယ်။ “ကျွန်တော် လူမှုကွန်ရက်တွေနဲ့ ဝေးဝေးနေနေခဲ့တာ ကြာပါပြီ။ ဘာလို့လဲဆိုတော့ အဲဒါက အရမ်းခက်ခဲတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ သူငယ်ချင်းတွေအားလုံးက အဲဒီကစာတွေကို ဖတ်တယ်။ ခင်ဗျားရဲ့ မိသားစုတွေက ဖတ်ပြီး သူတို့တွေက ခင်ဗျားကို အားပေးတယ်။ ခင်ဗျားအတွက် သူတို့က အကောင်းဆုံးဖြစ်စေချင်မှာပဲ”

“သူတို့တွေက သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်း၊ ခင်ပွန်း၊ ဖခင်ကို လူမှုကွန်ရက်ပေါ်မှာ စာတတန် ပေတတန်နဲ့ အမဲဖျက်ခံနေရတာကို မြင်ချင်ကြမှာမဟုတ်ပါဘူး။ အဲဒီတော့ အဲဒါက ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော်က ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကို ဖြတ်သန်းနေခဲ့ရပြီး အဲဒီလိုစာတွေကိုလည်း ဖတ်ဖို့ မလွယ်ဘူးလေ”

“အဲဒါက ခက်ခဲပေမယ့် ကျွန်တော် အဲဒီကိစ္စကို အဲဒီလို ဖြေရှင်းဖို့ လေ့လာသင်ယူခဲ့ရပါတယ်။ အထူးသဖြင့် ကျွန်တော် ယူနိုက်တက်မှာ ရှိနေတဲ့တစ်ချိန်လုံးမှာဖြစ်ပြီး ခင်ဗျား အတွေ့အကြုံတွေပိုများလာလေ၊ အသက်အရွယ်ပိုရလာလေ၊ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ကောင်းကောင်း သင်ယူနိုင်လေပဲ”

stay away from social media

Photo: Extra.ie

UTD podcast နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖီးလ် ဂျုံးစ်က လူငယ်အဆင့်တွေကို တစ်ဆင့်ချင်းစီ ဖြတ်သန်းလာခဲ့တဲ့ ၎င်းရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး လူမှုကွန်ရက်နဲ့အတူတူ ကြီးပြင်းလာတဲ့ လူငယ်ကစားသမားတွေအတွက် အရာအားလုံးက ကွာခြားနေပြီလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် လူငယ်ကစားသမားတွေအတွက် အခု ပြိုင်ပွဲထဲ ဝင်ချင်ပါတယ်။ မန်ယူနိုက်တက်မှာပဲ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက လူငယ်တွေအားလုံးအတွက်ပါ။ လူမှုကွန်ရက်ဆိုတာက အရမ်းကို ရန်လိုတယ်။ အဆိပ်အတောက်ဆန်တဲ့နေရာဖြစ်ပြီး သူတို့တွေအနေနဲ့ အဲဒါကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာနဲ့ပါ ဖြေရှင်းနိုင်ရမှာပါ”

“ပြိုင်ပွဲက လွန်ခဲ့တဲ့ ၁၀ နှစ်မှာ ဘယ်လို ဖွံ့ဖြိုးတိုးတက်လာခဲ့လဲဆိုတာ ကျွန်တော် ကြည့်မိတယ်။ လူမှုကွန်ရက်ကလည်း ဘယ်လို ဖွံ့ဖြိုးလာလဲ ကြည့်မိတယ်။ အဲဒါနဲ့ ဝေးဝေးနေဖို့က ခက်ပါတယ်။ အဲဒါကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဖို့လည်း ခက်ပါတယ်။ လူငယ်ကစားသမားတွေက ပြိုင်ပွဲထဲကို ဝင်လာခဲ့ပြီး သူတို့အတွက် လူမှုကွန်ရက်ကို မသုံးဘဲနေဖို့ ခက်ခဲမယ် ထင်ပါတယ်”

“လူငယ်ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်သိတယ်။ ခင်ဗျား ပထမဆုံးလုပ်မှာက ပွဲကစားပြီး ပြန်လာတယ်။ ခင်ဗျားအကြောင်း လူတွေ ဘာတွေပြောနေကြမလဲ ခင်ဗျား သိချင်ပြီး ခင်ဗျား အဲဒါကို တကယ့်လက်တွေ့ဘဝထဲ ပြန်ရောက်လာတဲ့အခါမှာ အဲဒီစကားတွေက အရေးမပါတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေက လူစာရင်းကို ရွေးချယ်တာမဟုတ်ဘူးလေ”

ဖီးလ် ဂျုံးစ်က ဝေဖန်ပြောဆိုမှုတွေကို ပြန်လည်တုံ့ပြန်ချင်လားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “ကောင်းလိုက်တဲ့မေးခွန်း။ ကျွန်တော်က အခုဆိုရင် အဲဒီလိုပြောခံရတာ အရင်ကထက် ခံစားရတာ ပိုကောင်းလာပါပြီ။ ကျွန်တော် အဲဒီဝေဖန်မှုတွေကို ပညာရှိရှိနဲ့ ခံယူတတ်နေပါပြီ။ ဆန်ပေးမှ ဆီရတာပါ။ ကျွန်တော် ပြောသလိုပဲ လူမှုကွန်ရက်မသုံးဘဲနေဖို့က ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒါကို ရအောင် ဖြေရှင်းခဲ့ပါတယ်။ ကျွန်တော်က အခြားလူတွေအားလုံးထက်ပိုပြီး ဝေဖန်မှုတွေ ရခဲ့တာဖြစ်ကောင်းဖြစ်ပေမယ့် အားလုံးကလည်း ငါက ဝေဖန်အခံရဆုံးပါလို့ ပြောမယ်ဆိုတာ သေချာပါတယ်”

“ဒါပေမယ့် လူတွေက အဲဒါက ဘောလုံးသမားတစ်ယောက်ဖြစ်ရခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲလို့ ပြောမှာဖြစ်လို့ ဝေဖန်လာရင်လည်း ကျွန်တော် ခံရမှာပဲလေ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportbible