ဒီနေ့မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ချန်ပီယံဟောင်း မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက ချန်ပီယံဟောင်းမန်စီးတီးအသင်းကို ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီရဲ့ FA ဖလား ချန်ပီယံဟောင်းဖြစ်တဲ့ မန်စီးတီးအသင်းဟာဆိုရင် ယခုနှစ်မှာလည်း ချန်ပီယံအနေနဲ့ဆက်လက် ဗိုလ်စွဲနိုင်မယ့်အသင်းတစ်သင်းအဖြစ် ရေပန်းအစားဆုံးရှိနေခဲ့ပေမယ့် ဒီနေ့ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းကို (၂) ဂိုးမရှိရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Source : Evening Standard

မန်စီးတီးအသင်းဟာ ဒီနေ့ပွဲစဉ်မှာအနိုင်ရပြီး ဖိုင်နယ်ကိုတက်နိုင်မယ့်လို့ အများစုခန့်မှန်းထားတဲ့အတိုင်း အတောင့်တင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာခဲ့ပြီး အာဆင်နယ်အသင်းကို တိုက်စစ်ဖွင့်ကာ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းကလည်း အတော်လေးအားကောင်းနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးရထားတဲ့ မန်စီးတီးတိုက်စစ်ကိုကောင်းကောင်း ကာကွယ်ထိန်းချုပ်နိုင်ခဲ့တာကြောင့် ချန်ပီယံဟောင်းတို့ ဦးဆောင်ဂိုးရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။ ပွဲကစားချိန် (၁၉) မိနစ်ကိုရောက်ရှိလာချိန်မှာတော့ အာဆင်နယ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကအသက်ဝင်ခဲ့ပြီး ပီပီရဲ့ဖန်တီးပေးပို့မှုကနေ အူဘားမီးယန်းက အကောင်းဆုံးပိတ်သွင်းယူခဲ့တာကြောင့် အာဆင်နယ်တို့အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။

Source : PA

အာဆင်နယ်အသင်းက ပထမပိုင်းပွဲကစားချိန်မှာ (၁-ဝ) ဂိုးနဲ့ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ချေပဂိုးရရှိဖို့ လိုအပ်နေတဲ့ မန်းစီးတီးအသင်းအနေနဲ့ တိုက်စစ်မြှင့်ကစားခဲ့ပြီး ဖိအားပေးထိုးဖောက်မှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့ပါတယ်။ သို့သော်အာဆင်နယ်အသင်းရဲ့ ခံစစ်မှာ တစ်သင်းလုံးနီးပါး ကာကွယ်ကစားခဲ့သလို ဂိုးသမားမာတီနက်ဇ်ရဲ့လက်စွမ်းတွေကလည်း အတော်လေးကောင်းမွန်ခဲ့တာကြောင့် မန်စီးတီးအသင်း ချေပဂိုးရရှိဖို့ ပိုမိုခက်ခဲခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ဆက်တိုက် တိုက်စစ်ဆင်နေမှုကြားကပင် ပွဲကစားချိန် (၇၁) မိနစ်ကိုရောက်ရှိလာချိန်မှာတော့ အာဆင်နယ်အသင်းရဲ့တန်ပြန်တိုက်စစ်မှတဆင့် တီယာနေးရဲ့ဖန်တီးမှုကို ခြေစွမ်းပြနေတဲ့ အူဘာမီးယန်းက အကောင်းဆုံးအဆုံးသတ်ခဲ့ကာ ဒုတိယမြောက်ဂိုးထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Source : Getty Images

လက်ကျန်မိနစ်တွေအထိ ချန်ပီယံဟောင်း မန်စီးတီးအသင်းအနေနဲ့ ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် အာဆင်နယ်အသင်းကို (၂) ဂိုး ဂိုးမရှိရလဒ်ဖြင့် ဂိုးပြတ်အနိုင်ပေးလိုက်ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ FA ဖလားချန်ပီယံဆုကို (၁၃) ကြိမ်မြောက်ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ယခုနိုင်ပွဲကြောင့် ဗိုလ်လုပွဲကို (၂၁) ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့တဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။