မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းသိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် ပြင်သစ်အသင်းရဲ့ လူစာရင်းမှလည်း ချန်လှပ်ခဲ့ကြောင်း နည်းပြဖြစ်သူ Didier Deschamps ကအတည်ပြုပြောကြားလိုက်တယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

Source: Goal.com

အဆိုပါ အသက် (၂၇) နှစ်အရွယ် ကွင်းလယ်ကစားသမားကို ခရိုအေးရှားနဲ့ ဆွီဒင် တို့နဲ့ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်တွေတွင် ရွေးချယ်ထားခဲ့တာပါ။ “ပေါ့ဘာကို အစကတည်းက ပြင်သစ်အသင်းရဲ့ လူစာရင်းမှာရွေးချယ်ထားခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ သူ (ပေါ့ဘာ) က ဗိုင်းရပ်စ်ကူးထားခံရတယ်လေ။ သူ့နေရာမှာ Eduardo Camavinga နဲ့အစားထိုးလိုက်ရတယ်။” ဟု ပြင်သစ်နည်းပြက သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

Source: Tele Trader

ပေါ့ဘာဟာ (၁၄) ရက်သီးခြား ခွဲပြီးနေရမှာဖြစ်ကာ လာမယ့်အပက်မှာ စတင်မယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီသစ်အတွက် ပြင်ဆင်မူပြုလုပ်မယ့်အစီအစဉ် တွေကိုလည်း လွဲချော်တော့မှာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် စက်တင်ဘာ (၁၉) ရက်နေတွင် ယှဉ်ပြိုင်ကစားမယ့် မန်ယူ-ခရစ်စတယ်လ်ပဲလေ့စ် ပွဲစဉ်မှာတော့ ပါဝင်ကစားနိူင်မှာပါ။

Source: Tele Trader

ပြင်သစ်အသင်းဟာ စက်တင်ဘာ (၅) ရက်နေ့တွင် ဆွီဒင်အသင်းနှင့် ယူအီးအက်ဖ်အေ နေရှင်းလိဂ် ပွဲစဉ် ကစားရန် ဆွီဒင် နိူင်ငံကိုသွားရောက်ရမှာဖြစ်ပါတယ်။ စက်တင်ဘာ (၈) ရက်နေ့မှာတော့ ဒုတိယပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။

ပေါ့ဘာဟာ ပြင်သစ်အသင်းအတွက် ပွဲပေါင်း (၆၉) ပွဲ ပါဝင်ကစားပေးထားပြီး (၁၀) ဂိုးသွင်းယူပေးထားပါတယ်။ ခရိုအေးရှားအသင်းကို (၄-၂) ဂိုးဖြင့်အနိူင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာလည်း ပြင်သစ်အသင်းအတွက် ဂိုးသွင်းယူပေးနိူင်ခဲ့ပါတယ်။