တစ်အိုးတစ်အိမ် ထူထောင်တယ်ဆိုတာ ရှေးရှေးကနေ ဒီနေ့အထိ အလေးအနက် ထားရဆဲ ဖြစ်စဉ်တစ်ခုပါ။ ဒီနေ့ခေတ်မှာ အိမ်ထောင်ပြုဖို့ဆိုရင် ပိုပြီးတောင် စဉ်းစားလာကြပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က အမေရိကန်သန်းခေါင်စာရင်းပြုစုရေးအဖွဲ့ကနေ ကောက်ခံတဲ့ စစ်တမ်းတစ်ခုမှာတောင် အရွယ်ရောက်ပြီး အမေရိကန်တွေရဲ့ ၃၀ % ဟာ ဘယ်တော့မှ အိမ်ထောင်ပြုမှာ မဟုတ်ဘူးလို့ ဖြေခဲ့တာ ရှိပါတယ်။ အိုးအိမ် ထူထောင်ဖို့ ဘာလို့ ကြောက်ကြတာလဲ ။ မင်္ဂလာဆောင်ခါနီးရင် အဖြစ်များဆုံး စိုးရိမ်တဲ့ပုံစံတွေက ဘာတွေလဲ။ ဒါတွေကို ဘယ်လိုကျော်လွှားသင့်သလဲဆိုတာ အကြံပေးမျှဝေချင်ပါတယ်။၊

(၁) မတော်တဲ့သူနဲ့ အိမ်ထောင်ပြုမိလို့ နောင်တရသွားမလား

Photo: Pexels

ပထမဆုံး ဖြစ်လာတဲ့ စိုးရိမ်စိတ်က “အိမ်ထောင်ပြုမှားသွားရင်” ဆိုတဲ့ အတွေးပါပဲ။ ကိုယ်နဲ့ တကယ် ရင်ဘတ်ချင်းတူတဲ့ စိတ်နှလုံး ပုံအပ်လို့ရမယ့် ဇနီးခင်ပွန်း Soulmate တစ်ယောက်နဲ့ အိပ်ထောင်ကျပြီးမှ တွေ့ရရင်ရော ဆိုတာမျိုးလည်း တွေးမိနိုင်ပါတယ်။

ဘယ်လို အချစ်ရေး အိမ်ထောင်ရေးမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူးလို့ အရင်တွေးဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ ပြစ်ချက်မရှိ ပြီးပြည့်စုံတဲ့ အိမ်ထောင်ဘက်ကို မျှော်လင့်မိတာဟာ စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ လူတစ်ယောက်ကို တစ်ဘဝလုံးစာ လက်ထပ်ဖို့အတွက် ကိုယ့်ကိုယ်ကို မေးခွန်းတွေ အများကြီး မေးနေဖို့လိုပါတယ်။

ဒါပေမယ့် မေးခွန်းတွေထဲမှာတင် မြုပ်နေလို့တော့ မဖြစ်ပါဘူး။ ဘုရားသခင် ဖန်ဆင်းပေးတဲ့ အိမ်ထောင်ဖက်နဲ့ လက်ထပ်ရင်တောင် စိတ်ပျက်စရာ ၊ ဖိစီးစရာတွေက ရှိနေမှာပါ။ အရေးကြီးတာက အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ထားရင် ကိုယ့်ကိုယ်ကို စိတ်နဲ့ကိုယ် အစစအရာရာ ပြုပြင်နေဖို့ပါပဲ။

(၂) ကိုယ်ပိုင်ပုံစံ ဆုံးရှုံးသွားမလား

Photo: Pexels

အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် အိုးအိမ်ထောင်ပြုရင် တစ်ယောက်ရဲ့ စွက်ဖက်မှု တစ်ယောက်ပေါ် အနည်းအများဆိုသလို ရှိကြတာပါပဲ။ လူအချင်းချင်း ရင်းနှီးခင်မင်ဖို့အတွက်ကိုပဲ ကိုယ့်ရဲ့ မူနဲ့ ပုံစံကို ပြုပြင်ရတာက နည်းတာမှ မဟုတ်တာ။

ဒီအချက်က ညှိလို့ရတဲ့ အရာပါ။ လူမှာ ကိုယ်ပိုင်ပုံစံ Personal Identity ဆိုတာ ရှိပါတယ်။ တစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျန်တဲ့သူက လက်ခံအောင် ညှိနှိုင်းထားမယ်ဆိုရင် ပြဿနာ မရှိနိုင်ပါဘူး။

(၃) ကိုယ့်ဇနီးကို မချစ်နိုင်တော့ရင်ရော

Photo: Unsplash

ချစ်လို့ကြိုက်လို့ ယူထားတဲ့ အတွဲတွေမှာတောင် တစ်ချိန်ချိန်မှာ သူ့ထက်ပိုပြီး တွယ်တာတပ်မက်မိတဲ့သူ ကြုံတတ်တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဒီနေရာမှာ သီလနဲ့ သိက္ခာဟာ အလွန်ပဲ အရေးပါပါတယ်။ လူဟာ အာရုံဆန်းနောက် ကောက်ကောက်ပါအောင် လိုက်ချင်ကြပါတယ်။

အာရုံစေစားရာနောက် မှောက်မှားမိမယ်ဆိုရင် ဘယ်တော့မှ နောင်တကင်းကင်း စိတ်ရှင်းရှင်းနဲ့ နေနိုင်တော့မှာ မဟုတ်သလို အမှုတွေပွေလီရှုပြီး စိတ်ဒုက္ခတွေ များတော့မှာပါ။ မင်္ဂလာဆောင်မယ် ၊ အိမ်ထောင်ပြုမယ် ဆိုရင် တကယ် ရင့်ကျက်မှ ၊ တကယ်လည်း ချစ်မြတ်နိုးမှ လက်ထပ်ပါ။

တစ်ခုခု စိတ်ကစားလာရင် မကောင်းမှုအတွက် ကိုယ့်ကိုယ်ကို ရှက်တဲ့ စိတ် ၊ နောက်နောင် ဖြစ်လာမယ့် ဘေးဒုက္ခတွေကို ကြောက်တဲ့ စိတ်နဲ့ သတိထားပြီး ရှောင်ရှားသင့်ပါတယ်။

(၄) မိသားစုကို တကယ်ဦးဆောင်နိုင်ပါ့မလား

Photo: Unsplash

စားဝတ်နေရေးက အစ မွေးလာမယ့် ကလေးတွေရဲ့ ပညာရေးအထိ တွေးကြည့်ရင် ခက်ခဲတဲ့လမ်းကို အရှည်ကြီး လှမ်းမြင်ပါလိမ့်မယ်။ အဆင်မပြေတဲ့ မိသားစု အသိုင်းအဝိုင်းက လာတဲ့သူဆိုရင် ဒီမေးခွန်းကို မင်္ဂလာမဆောင်ခင် အကြိမ်ပေါင်း ရာနဲ့ချီပြီးတောင် မေးဖြစ်မယ် ထင်ပါတယ်။

ဒီမေးခွန်းအတွက် အကြံပေးချင်တာက ဘဝမှာ ကောင်းကောင်းကြီး ရှင်သန်နိုင်တဲ့ နည်းတွေ ရှိတယ် ဆိုတာပါပဲ။ ခက်ခဲမယ် ပင်ပန်းမယ် ဆိုရင်တောင် ကိုယ်ချစ်တဲ့သူနဲ့အတူ ဖြတ်သန်းတာနဲ့ မချစ်တဲ့သူနဲ့ ဖြတ်သန်းတာ အင်မတန်ကို ကွာခြားပါတယ်။

အိုးအိမ်ထောင်မပြုခင်ကတည်းက လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ထားဖို့တော့ လိုပါတယ်။ ချစ်တယ်ဆိုပြီး မျက်စိမှိတ် ခုန်ချလိုက်ရုံနဲ့ ပန်းမွေ့ယာ ရွှေကော်ဇောပေါ် ရောက်သွားမှာ မဟုတ်ပါဘူး။ အတတ်ပညာသစ်တွေ သင်ပြီး အလုပ်အကိုင်တိုးတက်ဖို့ အမြဲကြိုးစား ကြံစည်နေဖို့လိုပါတယ်။ ဘဝရှေ့ရေးအတွက် ကိုယ့်ကိုယ်ကို တက်လမ်းတွေ ဖွင့်ထားမယ်ဆိုရင် မင်္ဂလာဆောင်ပြီးနောက် မိသားစုကို စောင့်ရှောက်ဖို့ ခက်မှာ မဟုတ်ပါဘူး။