ဒီနေ့ခေတ်မှာ လက်နဲ့ စာရေးတဲ့ အလေ့အထက နည်းသထက် နည်းလာနေပါတယ်။ စမတ်ဖုန်းနဲ့ ကွန်ပျူတာအသုံးများတာကလည်း နေ့စဉ် လက်ရေးနဲ့ စာလေးတွေ မရေးဖြစ်တော့တဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါလိမ့်ယ်။ တကယ်တော့ စာတိုပေစလေးတွေနဲ့ ကဗျာလေးတွေကို လက်ရေးနဲ့ ချရေးတာ ၊ မှတ်စုထုတ်တာမျိုးဟာ စာသင်ခန်းထဲမှာရော တကယ့်အပြင်လောကမှာပါ သုံးသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ လက်ရေးနဲ့ စာရေးမယ်ဆိုရင် အမြဲတမ်း ထူးခြားတဲ့အကျိုးကျေးဇူးတွေ ပေးလို့ ဖြစ်ပါတယ်။

(၁) စိတ်ဖိစီးမှု သက်သာစေမယ်

Photo: vanillapapers

ကိုယ့်ခေါင်းထဲမှာ ရှိနေတဲ့ အကြောင်းအရာတွေကို သူများတွေကို ဖွင့်မပြောချင်တဲ့အခါ ဗလာစာအုပ်တစ်အုပ်ပေါ်သာ ချရေးပါလို့ အကြံပေးချင်ပါတယ်။ ကိုယ့်ရင်ထဲမှာ တင်းကြပ်နေသမျှကို ဝါကျတွေနဲ့ စာလုံးတွေအဖြစ် စာရွက်ပေါ် ရေးချရင်းနဲ့ စိတ်ဟာ သိသိသာသာ သက်သာပေါ့ပါးသွားမှာပါ။ ဒါကြောင့်စိတ်ဖိစီးနေရင် စိတ်ရှုပ်ထွေးနေရင် စာအုပ်တစ်အုပ်ယူပြီး စာသာရေးလိုက်ပါ။

(၂) ဖန်တီးဉာဏ်ပိုကောင်းလာမယ်

Photo: vanillapapers

လက်နဲ့စာရေးတာဟာ အမြင်သစ်တွေ အတွေးသစ်တွေ ထွက်ပေါ်လာဖို့အတွက် အထောက်အကူဖြစ်ပါတယ်။ စာရေးချလိုက်တာဟာ မရေးဘဲ တွေးနေတာလိုမျိုး အတွေးတွေ လည်နေတာမျိုး မဟုတ်တော့ဘဲ စနစ်တကျစဉ်းစားဖြစ်အောင် ဘောင်ခတ်ပေးလိုက်ပါတယ်။ ပိုပြီးလည်း အာရုံစူးစိုက်မှု ကောင်းလာလေ့ရှိပါတယ်။ ဒီနည်းနဲ့ အတွေးတွေ ရှုပ်ထွေးမနေစေဘဲ ရှေ့ဆက်ပြီး အသစ်အသစ်တွေ ခေါင်းထဲ ဝင်လာစေနိုင်ပါတယ်။

(၃) စာလေ့လာရာမှာ ပိုပြီး နားလည်မှုရှိမယ်

Photo: vanillapapers

ကျောင်းသားတွေအနေနဲ့ စာသင်ခန်းမှာ လက်ရေးနဲ့ လိုက်မှတ်တာ ၊ Notes ထုတ်တာက သင်ခန်းစာတွေကို ပိုပြီး နားလည်လွယ်စေနိုင်သလို မှတ်သားမှုလည်း ပိုအားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေကလည်း Laptops မှာ မှတ်စုထုတ်ပြီး လေ့လာတဲ့ ကျောင်းသားတွေဟာ စာအုပ်ထဲမှာ လိုက်ရေးပြီး မှတ်စုထုတ်တဲ့ ကျောင်းသားတွေနဲ့စာရင် ကျောင်းစာလေ့လာရာမှာ ပိုအခက်တွေ့တတ်သလို သဘောတရားရေး မေးခွန်းတွေမှာလည်း အမှတ်သိပ်မကောင်းတတ်ဘူးလို့ ဆိုပါတယ်။

(၄) စာရေးကောင်းသူတစ်ဦးဖြစ်လာမယ်

Photo: vanillapapers

ကမ္ဘာကျော် စာရေးဆရာကြီးတွေဟာ သူတို့ဝတ္ထုဇာတ်ကြောင်းတွေကို အရင်ဆုံး စာရွက်ပေါ် ချရေးတတ်ကြပါတယ်။ လက်နှိပ်စက်ခေတ်ကနေ အခု ကွန်ပျူတာခေတ်အထိ သူတို့ဟာ လက်ရေးနဲ့ပဲ ရေးလာခဲ့ကြတာဖြစ်ပါတယ်။ လက်နဲ့ ရေးခြင်းဟာ စာလုံးတွေကို တကယ်ခံစားချက်အပြည့် ထားနိုင်သလို စာလုံးပေါင်းကနေ ဝါကျဖွဲ့စည်းမှုအထိ အနုစိတ်အာရုံစိုက်နိုင်စွမ်း ရှိပါတယ်။ လက်ရေးနဲ့ စာရေးတဲ့ အက်ဆေးတွေဟာ ကွန်ပျူတာမှာ စာရိုက်ပြီး ရေးတာထက် စကားလုံး ပိုကြွယ်ဝပြီး နက်နဲမှုရှိတယ်လို့လည်း သုတေသနတွေက ဆိုပါတယ်။

(၅) အတွေးတွေ ပိုထက်သန်လာမယ်

Photo: vanillapapers

စာလုံးတွေကို လက်နဲ့ ဝါကျအသွင်း ဖော်လိုက်တဲ့အခါမှာ ကိုယ့်အာရုံမှာ ဘောပင်ရဲ့ လှုပ်ရှားမှုနဲ့ အတွေးစတွေရဲ့ စီးမြောမှုကိုပဲ ဂရုပြုမိတတ်ပါတယ်။ အတွေးတွေကို ပိုပြီး စူးစိုက်မိတာ ဖြစ်လို့ တွေးတဲ့ပုံစံနဲ့ တွေးတဲ့ အကြောင်းအရာကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ခံစားပုံဖော်နိုင်လာပါတယ်။ ပိုပြီး အရေးကြီးတာ တစ်ချက်က လက်ရေးနဲ့ ကိုယ်ရေးပြီးတဲ့ အကြောင်းအရာတွေကို ပြန်ဖတ်တိုင်း အတွေးအမြင်သစ်တွေ ထပ်ထွက်လာနိုင်ပါတယ်။