အောင်မြင်ခြင်းဆိုတာ ကိုယ့်ဘဝအတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းလို့ အဓိပ္ပာယ်ဖွဲ့ဆိုနိုင်ပါတယ်။ လူတစ်ယောက်နှင့်တစ်ယောက်က ပန်းတိုင်တွေ မတူညီကြတဲ့အတွက် အောင်မြင်မှုကို အဓိပ္ပာယ်ဖွဲ့ဆိုပုံလည်း ကွဲပြားသွားတတ်ပါတယ်။
အောင်မြင်မှုကို ဆွတ်ခူးနိုင်ဖို့ အရေးကြီးဆုံးပထမခြေလှမ်းကတော့ Plan ဆွဲခြင်းပဲဖြစ်ပါတယ်။
အစကောင်းမှ အနှောင်းသေချာ ဆိုတဲ့စကားပုံလေးအတိုင်းပဲ ကိစ္စတစ်ခု ပြီးမြောက်အောင်မြင်ဖို့ရန်အတွက် သေသေချာချာ အစီအစဉ်ရေးဆွဲထားဖို့ လိုအပ်ပါတယ်။ အစီအစဉ်မကျပါက သင့်ရဲ့ပန်းတိုင်ဆီ ဘယ်လိုအရောက်လှမ်းရမလဲဆိုပြီး ဝေခွဲမရဖြစ်ကာ အောင်မြင်မှုနဲ့ အလှမ်းဝေးသွားနိုင်ပါတယ်။
အလေ့အကျင့်ကောင်းများ မွေးမြူပါ
အချိန်မဆွဲတတ်တဲ့ အလေ့အကျင့်ကောင်းကို မွေးမြူမယ်။ ကိုယ် လုပ်စရာရှိတဲ့အလုပ်တွေကို နောက်ဆုံးအချိန်မှ ထလုပ်မယ့်အစား စောလျင်စွာပြီးမြောက်အောင် လုပ်ဆောင်မယ်။ ဒီလိုအလေ့အကျင့်ကောင်းတွေ မွေးမြူထားလိုက်မယ်ဆိုရင်တော့ သင့်ရဲ့ပန်းတိုင်ဆီ မြန်မြန်ရောက်ပါတယ်။
အမှားတွေကနေ သင်ယူပါ
ကျရှုံးခြင်းသည် အောင်မြင်ခြင်းရဲ့လမ်းစပဲဖြစ်ပါတယ်။ မိမိ ဘာကြောင့် ကျရှုံးရသလဲဆိုတာကို သေချာပြန်သုံးသပ်ပြီး မိမိလုပ်ခဲ့တဲ့အမှားတွေကို ပြန်လည်ဆင်ခြင်ကြည့်ပါ။ ထိုအမှားမျိုး နောက်ထပ် မကျူးလွန်မိအောင် အမှားတွေကနေ ပြန်လည်သင်ယူပါ။ ကျရှုံးခြင်းကြောင့် လက်မြှောက်အရှုံးမပေးဘဲ မလျော့သောဇွဲဖြင့် ပြန်လည်ကြိုးစားမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။
နည်းဗျူဟာအမျိုးမျိုး အသုံးပြုပါ
အောင်မြင်မှုလမ်းကြောင်းသည် ဘယ်တော့မှ မဖြောင့်ဖြူးပါဘူး။ အကွေ့အကောက်များပြီး ဆူးညှောင့်ခလုတ်တွေနဲ့ ပြည့်နှက်နေတာပဲဖြစ်ပါတယ်။ ဒီလမ်းက လမ်းအပိတ်ဖြစ်နေတယ်ဆိုရင် နောက်တစ်လမ်းက သွားကြည့်ပါ။ ထိုနည်းတူစွာပဲ မိမိ ပထမအသုံးပြုတဲ့ နည်းလမ်းက အလုပ်မဖြစ်ဘူးဆိုရင် နောက်နည်းတစ်မျိုး ပြောင်းသုံးကြည့်ပါ။ နည်းဗျူဟာအသစ်ပြောင်းလဲခြင်းသည် အောင်မြင်ခြင်းနှင့် နီးကပ်လာအောင် ကူညီပေးနိုင်ပါတယ်။
အတွေ့အကြုံ ရှိသူများထံမှ သင်ယူပါ
နာမည်ကြီးတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ပါသလား။ ခေတ်အဆက်ဆက်က ကမ္ဘာကျော်ပန်းချီများဖြစ်တဲ့ Van Gogh ၊ Monet ၊ Picasso စတဲ့ ပန်းချီဆရာများရဲ့လက်ရာများကို လေ့လာဆည်းပူးပါ။ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ပါသလား။ ကမ္ဘာကျော်စီးပွားရေးပညာရှင်များရဲ့နည်းဗျူဟာများ၊ အလေ့အကျင့်ကောင်းများကို လေ့လာသင်ယူပါ။
အတွေ့အကြုံရှိသူများထံမှ သင်ယူလေ့လာရင်း ဗဟုသုတများကို ရှာမှီးမယ်ဆိုရင်တော့ အောင်မြင်မှုဆုလာဘ်က သင့်အတွက်ပါပဲ။
Source: Finallyfamilyhomes.org