စွန့်ဦးတီထွင် လုပ်ငန်းရှင်ခရီးကို စပြီး လျှောက်လှမ်းတော့မယ်ဆိုရင် လူတိုင်းလေးစားခံရတဲ့ အောင်မြင်ထင်ရှားစွန့်ဦးသမားတွေဆီက သင်ခန်းစာနဲ့ အကြံလေးတွေ နားထောင်ဖို့ ပြောချင်ပါတယ်။ သင့်အနားမှာ မရှိပေမယ့် သင့်ရဲ့အကောင်းဆုံးအကြံပေးပုဂ္ဂိုလ်အဖြစ် ဒီလူတွေရဲ့ စကားတွေကို လက်ကိုင်ထားဖို့ပါ။

(၁) တကယ်စိတ်နှစ်ချင်တဲ့နောက် လိုက်

Passion

Photo: Unsplash

တရုတ်ဒဿနပညာရှင် ကွန်ဖြူးစီးယပ်စ်က ပြောဖူးပါတယ်။ “သင်ချစ်ရတဲ့ အလုပ်မျိုး ရွေးပါ။ ဒါဆို သင့်ဘဝမှာ အလုပ်ရယ်သဘောထားပြီး လုပ်လိုက်ရတဲ့နေ့ တစ်ရက်မှ ရှိမှာ မဟုတ်တော့ဘူး”တဲ့။ ဒီစကားဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာအောင် မှန်နေတုန်းပါပဲ။ အခုခေတ် အောင်မြင်ထင်ရှားတဲ့ စွန့်ဦးတီထွင်သမားတွေကို သွားပြီး ဘာလုပ်ရင်ကောင်းမလဲလို့ မေးတဲ့အခါ သူတို့ အများဆုံး ဖြေတတ်တာက “သင်တကယ်စိတ်နှစ်နိုင်တဲ့ Passion ရှိတဲ့အရာနောက် လိုက်ပါ”လို့ အကြံပေးတတ်ကြပါတယ်။

(၂) လေ့လာမှုကို ဘယ်တော့မှ အဆက်မပြတ်စေနဲ့

Computer

Photo: Unsplash

ကမ္ဘာကျော် ဗြိတိန်စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ရစ်ချတ်ဘရန်ဆန်က သူ့ရဲ့ အကြီးဆုံး Motivation ကြီးအကြောင်း အခုလို ပြောပါတယ်။ “ကျုပ်ကို အကြီးဆုံး Motivation ပေးနိုင်တဲ့ကိစ္စက ဘာလဲသိလား။ ကိုယ့်ကိုယ်ကိုယ် အမြဲစိန်ခေါ်နေတာပဲဗျ။ ကျုပ်ကတော့ ဘဝကို တစ်သက်တာ တက္ကသိုလ်ကြီးတစ်ခုလိုပဲ မြင်တယ် ၊နေ့တိုင်း အသစ်အသစ်တွေ သင်ယူနေပါတယ် “တဲ့။

(၃) အရှုံးကို မျှော်လင့်ထား

Man on The Rock

Photo: Unsplash

တစ်ခုခုကို စွန့်စားပြီး လုပ်ရတော့မယ်ဆိုရင် အရင်ဆုံး ဆုံးရှုံးနိုင်တဲ့အချက်ကို ကြိုတွက်ထားပါ။ အမြတ်နဲ့ အောင်မြင်မယ်ဆိုပြီးပဲ မျှော်လင့်ထားလို့ မရပါဘူး။ ရှုံးပြီးသား လမ်းကိုပဲ နှစ်ကြိမ်ထပ်မလျှောက်ဖို့ လိုပါတယ်။ အရှုံးဆိုတာ အောင်မြင်မှုဆီ သင့်ကို ပို့ဆောင်ပေးမယ့် နောက် ထပ်သင်ခန်းစာပါပဲ။ ဒီနေရာမှာ သောမတ်စ်အယ်ဒီဆင်ပြောတဲ့ စကားကို ထပ်ပြောချင်ပါတယ်။ “ကျွန်တော်မရှုံးခဲ့ပါဘူး။ အလုပ်မဖြစ်တဲ့ နည်းလမ်း ၁၀၀၀၀ ကိုပဲ တွေ့ခဲ့တာ”တဲ့။ အရှုံးဆိုတာ ယူတတ်သူအဖို့ အလုပ်မဖြစ်တဲ့နည်းလမ်းတွေ ပေးတဲ့အရာတစ်ခုပါပဲ။

(၄) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ

Standing

Photo: Unsplash

ဒီသင်ခန်းစာက ရိုးရှင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ရင် ဘယ်သူမှ သင့်ကို ယုံမှာ မဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားပါ။ ကိုယ်လုပ်မယ့်အလုပ်ကို ယုံကြည်ထားပါ။ ကိုယ့်ကိုယ်ကိုယ် စစ်မှန်အောင်ထားပါ။ “အ‌ရေးအကြီးဆုံးက သင့်နှလုံးသားနဲ့ ပင်ကိုယ်သိစိတ်အတိုင်း လိုက်လုပ်ရဲတဲ့သတ္တိရှိဖို့ပါပဲ။ “လို့ Apple တည်ထောင်သူ တင်မ်ကွတ်က ပြောဖူးတာ သတိရစေချင်ပါတယ်။

(၅) အမိုက်စား Team တစ်ခုဖွဲ့

Team

Photo: Unsplash

အကောင်းဆုံးအတော်ဆုံးနဲ့ အညီညွတ်ဆုံးဆိုတဲ့ လူတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲရှိရင် အောင်မြင်ဖို့ အများကြီး သေချာပါတယ်။ အောင်မြင်ချင်ရင် အကောင်းဆုံးလူတွေပဲ ငှားပါ။ ကိုယ့်ထက်တော်တဲ့လူတွေ ၊ ကိုယ့်အားနည်းချက်တွေကို ဖြည့်ဆည်းနိုင်အောင် ကျွမ်းကျင်ကြံ့ခိုင်တဲ့သူတွေနဲ့ အလုပ်လုပ်ပါ။ ဒါဆို အောင်မြင်ဖို့ တစ်ဝက်ခရီး သေချာပြီ ပြောနိုင်ပါတယ်။

Featured Photo: Inc Magazine