လူ့သက်တမ်းစေ့ နေ့သွားကြရင်းနဲ့ ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းဖို့ဆိုတာ တကယ့်ကုသိုလ်ပါပဲ။ သိပ္ပံပညာရှင်တွေဟာ အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာနေရင်းနဲ့ အသက်လည်းရှည်/နေလို့လည်း ပျော်တဲ့ ဘဝတစ်ခုကို လွှမ်းမိုးနေတဲ့ နောက်ကွယ်က ဘဝအသိအမြင်တစ်ချို့ပါ သိခဲ့ကြပါတယ်။ သူတို့ရဲ့ မျှဝေမှုကို ကြည့်လိုက်ရအောင်ပါ။
(၁) ပျော်ရွှင်မှုဆိုတာ ကိုယ်လုပ်တဲ့အရာတွေက လာတာပါ

Photo: Freepik
အသက်ကြီးသွားတဲ့ ပုဂ္ဂိုလ်တွေအတွက် ရှေ့မှာသေမင်းရဲ့ တံခါးဝအဆုံးပဲ ကျန်တော့တယ်ဆိုတာ လက်ခံပြီးသားပါ။ ဒီတော့ သူတို့အတွက် အတိတ်က လုပ်ရပ်တွေ နဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေ စားမြုံ့ပြန်တွေးတောဖို့ပဲ ကျန်တော့တာမျိုးပါ။
အရင်က ကိုယ်လုပ်သင့်တာတွေ ၊ လုပ်ချင်ခဲ့တာတွေ လုပ်ခဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် အမြဲကျေနပ်ရပါတယ်။ အရွယ်တစ်ခုရောက်လာလို့ အသက်ကြီးသွားတဲ့အခါမှာ ပျော်ရွှင်စရာ မှတ်ဉာဏ်နဲ့ ထိုက်တန်ခဲ့တဲ့ စွန့်စားခန်းတွေက သူတို့ရဲ့ မျက်မှောက်နေ့ရက်တွေကို ကျေနပ်စေနိုင်တော့တာ ဖြစ်ပါတယ်။
(၂) အကောင်းမြင်တဲ့ သဘောတရားတွေကြောင့် ပျော်ရတယ်

Photo: Freepik
အသက်ရာကျော် ရှည်တဲ့သူတွေမှာ တူညီတဲ့အချက်က ဘဝကို အကောင်းဘက်က ကြည့်တတ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပျော်မွေ့စေတဲ့အရာဟာလည်း အကောင်းမြင်မှုပဲ ဖြစ်ပါတယ်။ ဘဝဆိုတာ ကောင်းမွန်တဲ့ အပြောင်းအလဲလေးတွေပါလားလို့ လက်ခံတတ်ရင် ဘဝမှာနေရတာ ပိုပြီးပျော်စရာကောင်းလာမှာ အမှန်ပါပဲ။
(၃) လက်ငင်းပစ္စုပ္ပန်မှာ နေတတ်မှ ပျော်မှာပါ

Photo: Freepik
အတိတ်ဟာ အတိတ်ပါပဲ။ ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ပြောင်းလဲလို့ မရတော့ဘူးလေ။ ပြောင်းလဲမရတဲ့ အတိတ်မှာ စိတ်ကိုချမ်းသာအောင် သွားထားလို့ မရပါဘူး။ လက်ရှိတွေ့ကြုံဖြတ်သန်းနေရတဲ့ ကာလတိုလေးတွေ တစ်ခုချင်းစီမှာ ကျေနပ်စွာ နေတတ်ခြင်းဟာ အကောင်းဆုံးနေနည်းဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Live Now လို့ ဆိုနိုင်ပါတယ်။
(၄) သဘာဝအသီးအနှံတွေ စားပါ။ လှုပ်လှုပ်ရှားရှားနေပါ။

Photo: Freepik
ကျန်းမာမှ ပျော်ပျော်နေနိုင်မှာပါ။ ဒါ့ကြောင့် ကျန်းမာဖို့ လတ်ဆတ်တဲ့ သဘာဝအသီးအနှံတွေ စားပေးပါ။ စိတ်ရောကိုယ်ပါ လှုပ်လှုပ်ရှားရှား သွားသွားလာလာ နေထိုင်ပ။ အလွန်အကျွံမစားဘဲ မျှတစွာစားသောက်ပါ။
(၅) လေ့လာနေပါ

Photo: Freepik
အသက်ရှည်ရှည် ပျော်ပျော်နေနိုင်သူတွေဟာ လေ့လာမှုမပြတ်လုပ်နေသူတွေ ဖြစ်ပါတယ်။ ကိုယ့်အရွယ်အလိုက် တွေ့ကြံု ဖြတ်သန်းနေရတဲ့ လောကကြီးအကြောင်းနဲ့ စိတ်ဝင်စားဖွယ် အသိဉာဏ်တစ်ချို့အကြောင်းကို ဆက်လက်လေ့လာနေသူတွေဟာ နေရတဲ့ဘဝလေးမှာ ကျေနပ်ပျော်ရွှင်ကြပါတဘ်။
(၆) သတိစိုက်တဲ့ တရားမျိုး လေ့ကျင့်ပါ

Photo: Freepik
Mindfulness လို့ခေါ်တဲ့ သတိပဌာန်တရားဟာ ဒီနေ့မှာ အလွန်ကို လက်တွေ့ကျပြီး လိုအပ်တဲ့ ပညာရပ်တစ်ခု ဖြစ်လာပါတယ်။ သတိပဌာန်ကို လေ့ကျင့်လိုက်စားသူတွေဟာ နောင်တပူပန်မှု ၊ စိတ်နှလုံး မသာယာမှုနဲ့ စိတ်ရှုပ်ထွေးဖိစီးမှုတွေကနေ သက်သာရာရပါတယ်။
စိတ်ခံစားချက် မြင့်မားလာပြီး ကြည်လင်ငြိမ်သက်လာမယ်။ ပျော်ရွှင်မှုဆိုတာထက် ပိုပြီးလေးနက်စစ်မှန်တဲ့ ပီတိရသနဲ့ ကြည်ကြည်နူးနူးနေလာနိုင်ပါမယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ အာရုံနဲ့ အဖြစ်အပျက်အားလုံးကို ငြိမ်းချမ်းတဲ့ စိတ်နဲ့ ကျော်လွှားနိုင်လာပါလိမ့်မယ်။ အေးချမ်းတဲ့ စိတ်နှလုံးနဲ့ ရွှင်ရွှင်ပြုံးပြုံးနေနိုင်သူဟာ ရခဲလှတဲ့ဘဝမှာ အချမ်းသာဆုံး နေနိုင်သူပဲ မဟုတ်လား။
