အရွယ်တင်နုပျိုခြင်းဟာ အမြဲတမ်းရနိုင်တဲ့ လက်ဆောင်ကောင်းတော့ မဟုတ်ပါဘူး။ အသက်ငယ်တုန်းမှာပဲ နုပျိုခြင်းဆိုတာ ရနိုင်တာပါ။ ဒါတောင် တစ်ချို့တွေဟာ ငယ်ငယ်နဲ့ ရုပ်ကျနေတာတွေ ရှိပါတယ်။

ငယ်တုန်းမှာ နုနယ်ပျိုမျစ်တဲ့ မျက်နှာပိုင်ရှင် ဖြစ်စေဖို့ ဆိုရင် အခုပြောမယ့် အချက်တွေ လိုက်နာပေးဖို့ လိုပါတယ်။

(၁) ပျော်ပျော်နေပါ

Photo: Unsplash

စိတ်ပျိုတော့ ကိုယ်နု ဆိုတဲ့ စကားဟာ အလကားပြောထားတာ မဟုတ်ပါဘူး။ အသက်ချင်းတူရင် စိတ်ဖိစီးမှု နည်းပြီး ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနေတဲ့သူဟာ ရုပ်ပိုနုပါတယ်။ ဖိအားများတဲ့ သူတွေမှာ ရုပ်ကျလွယ်တယ်ဆိုတာ သိသာပါ။

ပျော်အောင် နေဖို့ ဆိုရင် အကောင်းမြင်တဲ့ စိတ်မွေးဖို့ နဲ့ သောကနည်းအောင် နေထိုင်တတ်ဖို့ လိုပါတယ်။ သူငယ်ချင်းတွေနဲ့ လူငယ်သဘာဝ ပျော်ပျော်ရွှင်ရွှင်နေတဲ့သူတွေဟာလည်း ရုပ်ရင့်တာ နှေးကွေးပါတယ်။

(၂) Lifestyle ပြောင်းပါ

Photo: Freepik

ဖုန်းအသုံးများပြီး ညဘက်တွေမှာ အိပ်မပျော် ဖြစ်တာ ကြာရင်လည်း ရုပ်ရင့်ပါတယ်။ အိပ်ရေးပျက်တာ များသူတွေဟာ ကော်တစ်ဆိုးလို့ခေါ်တဲ့ အဆီအလွန်အကျွံ ထွက်စေနိုင်တဲ့ ဟော်မုန်းတွေ များတတ်သလို စိတ်ဖိစီးမှုနဲ့ ရှုပ်ထွေးမှုတွေနဲ့လည်း မြင့်တက်နိုင်ပါတယ်။

လှုပ်ရှားမှု နည်းတာ ၊ လေ့ကျင့်ခန်း မလုပ်တာနဲ့ ဖုန်မှုန့်နဲ့ လေထု အရည်အသွေးကျတဲ့ နေရာတွေမှာ နေထိုင်ရင်လည်း အရွယ်တင် နုပျိုမှုကို ထိခိုက်စေနိုင်ပါတယ်။ နေပူပူထဲ အကာအကွယ် မပါဘဲ အထွက်များရင်လည်း အသားအရေ နေလောင်ပြီး မှဲ့ခြောက်နဲ့ တင်းတိပ်တွေ ဖြစ်စေနိုင်ပါတယ်။

(၃) အစားအသောက် ဂရုစိုက်ပါ

Photo: Unsplash

အငန် ၊ အစပ်နဲ့ အချိုလွန်ကဲတဲ့ အစားအစာတွေဟာ ရုပ်ရည် ထိခိုက်စေနိုင်ပါတယ်။ အသားအရေ စိုပြေစေဖို့ ရေကို တစ်နေ့ ၈ ဖန်ခွက်ကနေ ၁၀ ဖန်ခွက်အထိ သောက်ပေးဖို့ လိုသလို လတ်ဆတ်တဲ့ အသီးအနှံတွေလည်း စားသုံးပေးသင့်ပါတယ်။

ကွမ်း ၊ ဆေးလိပ် ၊ အရက်သေစာ နဲ့ မူးယစ်ဆေးဝါးတွေဟာ ရုပ်ပိုင်းဆိုင်ရာကို အများဆုံး ထိခိုက်နိုင်စေတဲ့ ဆိုးကျိုးပေးတာကြောင့် ရှောင်ကြဉ်သင့်တဲ့ စာရင်းမှာ ပါပါတယ်။

(၄) အသားအရေ ထိန်းသိမ်းပါ

Photo: Fashionisto

ယောင်္ကျားတွေလည်း Skin Care လုပ်သင့်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ Facial Scrub လုပ်သင့်သလို အရည်အသွေးကောင်းမွန်တဲ့ Cosmetics တွေနဲ့ အလှကုန်ပစ္စည်းတွေ သုံးတာ မျိုးတွေ လုပ်ပေးသင့်ပါတယ်။ဒီလောက်ဆိုရင် အသက် ၃၀-၄၀ ရောက်လည်း ရွယ်တူတွေအကြားမှာ နုပျိုတဲ့ ကိုယ်အဖြစ် ဝံ့ကြွားနိုင်မှာ ဖြစ်ပါတယ်။