မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ နံနက် ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့ရပြီး FA ဖလား ကွာတား ဖိုင်နယ်ပွဲစဉ်မှ ရလဒ် အတိုင်း 2 – 1 နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အခုတော့ အဆိုပါ ရှုံးပွဲနဲ့အတူ ယူနိုက်တက်ရဲ့ ထိပ်သီးလေးသင်းစာရင်း ဝင်ရောက်နိုင်ရေး မျှော်လင့်ချက်ဟာလည်း မှေးမှိန်ခဲ့ရပါပြီ။

ထိုပွဲစဉ်မှာတော့ ယူနိုက်တက်တို့ အခွင့်အရေးတွေများစွာ ဖန်တီးသွားနိုင်ခဲ့ပေမဲ့ အသုံးချနိုင်မှုအပိုင်းမှာတော့ ညံ့ဖျင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက အရှုံးရလဒ်ထဲမှ အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ တော်မီနေးရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။

တော်မီနေးဟာ အဆိုပါပွဲစဉ်မှာ အဝေးကန်ချက်နဲ့အတူ အသင်းအတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို တိုက်စစ်ပိုင်းလည်း အတော်လေး လိုက်ပါကစား ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန်တစ်လျောက်လည်း အသင်းအတွက် ကောင်းမွန်တဲ့ခြေစွမ်းကို ဆက်တိုက်ပြသ သွားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ သွင်းဂိုး သွင်းယူပြီး ၁၂ မိနစ် လောက် အကြာမှာ သွင်းယူခဲ့တဲ့ ပြိုင်ဖက် အသင်းတိုက်စစ် ကစားသမားဖြစ်သူ ဂျိုတာရဲ့ ခြေပဂိုးကြောင့် ပထမပိုင်း ဟာ ( ၁ – ၁ ) ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးခဲ့ရပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ၅၇ မိနစ်မှာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ယန်းဟာ ပြိုင်ဖက်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ဂျိုတာကို ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရသလို အခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ ခရစ်စမောလင်းရဲ့ ပွဲချိန် ၇၇ မိနစ် လက်ဆောင် ဂိုးက အိမ်ရှင် အသင်းကို နိုင်ပွဲ ရရှိသွားစေခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်အပြီး BBC Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားက အခွင့်အရေးတွေ အသုံး မချနိုင်ခဲ့မှု ၊ တော်မီနေးရဲ့ ကစားပုံကောင်းမွန်မှုနဲ့ ယန်းရဲ့ အနီကဒ်အကြောင်း ဖွင့်ဟပြောကြား သွားခဲ့ပါတယ်။

“ကျွန်တော်တို့ ပွဲချိန်အတွင်း ရရှိခဲ့တဲ့ အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့ကြပါဘူး။ တော်မီနေးကတော့ ဒီည တစ်ကယ့်ကို ကောင်းမွန်စွာ ကစားပြနိုင်ခဲ့ပါတယ်။ သူဟာ ဦးဆောင်ဂိုးနဲ့အတူ အသင်းကို ခွန်အားတွေ ပေးခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းအပေါ် တကယ်ပဲ ကျေနပ်ခဲ့ရပါတယ် ”

“ကျွန်တော်တို့ ပွဲချိန်အတွင်း ပြုလုပ်ခဲ့တဲ့ အမှားတွေ အများကြီး ရှိခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့က သူတို့ကို ခြေပဂိုး ပေးခဲ့ကြရပါတယ် ” လို့ ဆိုးလ်ရှားက ဖွင့်ဟရင်း ယန်းရဲ့ အနီကဒ်နဲ့ ပတ်သက်ပြီး …

“အကယ်လို့ ခင်ဗျား အဝါကဒ်ပြား ပြသခံရတယ်ဆိုရင် နောက်တကယ့် ပြသခံရမယ့် အန္တရာယ် အချိန်မရွေး ကျရောက်လာနိုင်ပါတယ်။ သူ (ယန်း)ဟာ ဘောလုံးကို ကန်သွားခဲ့ပေမယ့် နောက်က လိုက်ပါလာတဲ့ ခြေထောက်ကို ကန်မိသွားခဲ့တယ်။ ဒါဟာ အဝါကဒ်ပါပဲ ”

“ကျွန်တော်တို့ ၁၀ ယောက်နဲ့ ယှဉ်ပြိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘောလုံးကိုင် ကစားနိုင်ခဲ့ကြပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကျွန်တော်တို့ကို ဖိအားပေးမှာ မလိုချင်ခဲ့ကြဘူးလေ။ အသင်း ၁၀ ယောက်နဲ့ ဖြစ်သွားတဲ့အချိန် သူတို့ဟာ ပထမဆုံး ရရှိတဲ့ အခွင့်အရေးတစ်ခုကနေ ဂိုးသွင်းယူနိုင်ခဲ့ကြတယ်။ ဒီအတွက် သူတို့ကို ချီးကျူးရပါ့မယ် ”

“ရလဒ်ကြောင့် တစ်ကယ့်ကို စိတ်ပျက်ခဲ့ရပေမယ့် ပွဲချိန် ၇၅ မိနစ် မတိုင်မီ ခြေစွမ်းအပေါ်တော့ ကျွန်တော်တို့ ကျေနပ်ခဲ့ရပါတယ်။ ကောင်လေးတွေ တကယ့်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ကြပါတယ် ” လို့ ဆိုးလ်ရှားက အဆုံးသတ် ပြောကြားသွားခဲ့ပါတယ်။

Source : Manchaster United Lover