၂၀၁၈-၁၉ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုတော့ အံ့သြစရာကောင်းလောက်အောင်ပဲ ကစားသမား (၃) ဦးက ပူးတွဲရရှိသွားခဲ့ပါတယ်။ အဆိုပါ ရွှေဖိနပ်ဆုအတွက် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း ၊ လီဗာပူးလ်တိုက်စစ်မှူး ဆာလာ၊ လီဗာပူးလ်ကွင်းလယ်တိုက်စစ်ကစားသမား မာနေနဲ့ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုး တို့လေးဦးက ရေပန်းစားနေခဲ့တာဖြစ်ပြီး ရာသီအဆုံးသတ် ရလဒ်ထွက်ပေါ်လာချိန်မှာတော့ ပရိသတ်တွေအားလုံး ထင်မှတ်မထားတဲ့ အူဘာမီယန် ၊ ဆာလာ ၊ မာနေတို့ (၃) ဦးစလုံးက ထိုက်ထိုက်တန်တန် ပူးတွဲဆွတ်ခူးသွားခဲ့ကြတာဖြစ်ပါတယ်။

Source : Daily Mail

ရာသီအဆုံးသတ်ပွဲစဉ်မတိုင်ခင်အထိ ပူးတွဲဆုရှင် (၃) ဦးစလုံးရဲ့ ဂိုးရလဒ်တွေကတော့ အရမ်းကွာဟနေခဲ့တာမျိုးတော့ မရှိပါဘူး။ လီဗာပူးလ်တိုက်စစ်မှူး ဆာလာကတော့ ပရီးမီးယားလိဂ်ဘောလုံးရာသီအဆုံးသတ် ပွဲစဉ်မတိုင်မီအထိ သွင်းဂိုးစုစုပေါင်း (၂၂) ဂိုးသွင်းကာ ရွှေဖိနပ်ဆုအတွက် ရေပန်းအစားဆုံး ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းနဲ့ လီဗာပူးလ်ကွင်းလယ်တိုက်စစ်ကစားသမားမာနေတို့ကတော့ ပရီးမီးယားလိဂ်ဘောလုံးရာသီ အဆုံးသတ်ပွဲစဉ် (၃၈) မှာ အသင်းအတွက် တစ်ယောက်လျှင် (၂) ဂိုးစီထပ်မံသွင်းယူနိုင်ခဲ့ကြတာကြောင့် ဆာလာနဲ့ သွင်းဂိုးအရေအတွက်ချင်းတူညီကာ ရွှေဖိနပ်ဆုကို (၃) ဦးစလုံးပူးတွဲရရှိသွားခဲ့တာဖြစ်ပါတယ်။

Source : Gulf News

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အခုလို တစ်ရာသီအတွင်း ကစားသမား (၃) ဦး ပူးတွဲဆွတ်ခူးခဲ့တဲ့ ဖြစ်ရပ်ဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၁၉၉၇-၁၉၉၈ ပရီးမီးယားလိဂ် ဘောလုံးရာသီတုန်းက မိုက်ကယ်အိုဝင် ၊ ဒဗ္ဗလင်နှင့် ခရစ္စဆပ်တန် တို့ကတစ်ဦးလျှင် (၁၈) ဂိုးစီနဲ့ ပူးတွဲဆုရရှိခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ ထပ်မံပြီး ၁၉၉၈-၁၉၉၉ ဘောလုံးရာသီမှာတော့ ဟက်ဆယ်ဘိန့်ခ် ၊ မိုက်ကယ်အိုဝင် နဲ့ ဒွိုက်ယော့ခ်တို့ (၃) ဦးက ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ဖူးတာဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရှင် (၃) ဦးအနက် လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟာ ပြီးခဲ့တဲ့နှစ်ကလည်း သွင်းဂိုးပေါင်း (၃၂) ဂိုးသွင်းယူကာ ရွှေဖိနပ်ဆုဆွတ်ခူးခဲ့ဖူးတာကြောင့် နှစ်နှစ်ဆက် ရွှေဖိနပ်ဆုရှင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

Source : Graphic Online