၂၀၁၈ -၂၀၁၉ ခုနှစ် ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားစာရင်း ထုတ်ပြန်ကြေငြာခဲ့ရာမှာတော့ ဖူလ်ဟမ်အသင်းနောက်ခံကစားသမား ဖိုဆူမန်ဆာက ထိပ်ဆုံးတွင်ရပ်တည်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ယခုနှစ်ဘောလုံးရာသီမှ မန်ယူအသင်းကနေ အငှားကစားသမားတစ်ဦးအဖြစ် ပြောင်းရွှေ့လာခဲ့တဲ့ အသက် (၂၁) နှစ်အရွယ် ဖိုဆူမန်ဆာဟာ အမြန်ဆုံးပြေးနှုန်း တစ်နာရီလျှင် (၃၅.၃၂) ကီလိုမီတာနဲ့ ယခုနှစ်ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဖိုဆူမန်ဆာဟာ ပြိုင်ဘက်ကစားသမားတစ်ဦးဖြစ်တဲ့ မန်စီးတီးအသင်းကစားသမား ဝေါ်လ်ကာထက် ပိုမြန်တဲ့ပြေးနှုန်းနဲ့ နံပါတ်တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Source : The Sun

ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားအဖြစ် ဒုတိယနေရာမှာတော့ မန်စီးတီးအသင်း ညာနောက်ခံကစားသမားဝေါ်လ်ကာက ရပ်တည်နေခဲ့ပြီး ၎င်းရဲ့ အမြန်နှုန်းကတော့ တစ်နာရီလျှင် (၃၅.၂၇) ကီလိုမီတာရှိတယ်လို့ သိရပါတယ်။ ဝုလ်အသင်းကစားသမားတစ်ဦးဖြစ်တဲ့ ရုဗင်က တစ်နာရီလျှင် အမြန်နှုန်း (၃၅.၂) ကီလိုမီတာနဲ့ တတိယနေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

ယခင်နှစ်ရဲ့ အမြန်ဆုံးကစားသမားအဖြစ် ရပ်တည်နေခဲ့တဲ့ မန်စီးတီးအသင်း တောင်ပံကစားသမား ဆာနေးကတော့ အဆင့် (၄) နေရာကို ရောက်ရှိသွားခဲ့ပြီး ၎င်းရဲ့ အမြန်နှုန်းကတော့ တစ်နာရီလျှင် (၃၅.၁၈) ကီလိုမီတာအထိသာရှိခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်းရဲ့နောက်မှာတော့ နယူးကာဆယ်နောက်ခံကစားသမား ယက်ဒ်လင်က တစ်နာရီလျှင် အမြန်နှုန်း (၃၄.၉၅ ) ကီလိုမီတာနဲ့ အစဉ်လိုက် ရပ်တည်နေတာဖြစ်ပါတယ်။

Source : espn.co.uk

ယခုနှစ်ရဲ့ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမား (၁၀) ဦးစာရင်းမှာတော့ ဝက်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူး ဒယ်လိုဖူ၊ လီဗာပူးလ်အသင်းတိုက်စစ်မှူး အော်ရီဂီ ၊ ဝက်စ်ဟမ်းအသင်း ကွင်းလယ်ကစားသမား ဖိလစ်ပီအန်ဒါဆန် နှင့် ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံကစားသမား ဗန်အန်ဟော့ စတဲ့ကစားသမားတွေက အသီးသီးရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။

ယခုနှစ်ရဲ့ အမြန်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဖိုဆူမန်ဆာဟာ မန်ယူအသင်းကနေ အငှားကစားသမားဘဝနဲ့ ထွက်ခွာလာခဲ့တာ နှစ်ရာသီခန့်ရှိပြီဖြစ်ပြီး အရင်တစ်နှစ်က ခရစ်စတယ်ပဲလေ့စ်အသင်းမှာ (၂၄) ပွဲ ပါဝင်ကစားခဲ့ရပြီး ယခုနှစ်ဖူလ်ဟမ်အသင်းမှာတော့ (၁၂) ပွဲသာ ကစားခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

Source : espn.co.uk