COVID-19 ကို ရာနှုန်းပြည့် ဖယ်ရှားနိုင်မယ့် ဆေးတစ်မျိုးကို ဖော်ထုတ်နိုင်ပြီလို့ ဗင်နီဇွဲလားနိုင်ငံ သမ္မတနီကိုလတ်စ် မာဒူရိုကပြောပါတယ်။ “ဗင်နီဇွဲလားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို ၁၀၀% ချေမှုန်းနိုင်မယ့် ဆေးတစ်မျိုးကို တီထွင်ထားတယ်လို့ ပြောချင်ပါတယ်။” လို့ သမ္မတ မာဒူရိုက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

Photo: Miami Herald

ဒီဆေးဟာ ဘေးထွက်ဆုံးကျိုး လုံးဝမရှိဘဲ ကိုရိုနာဗိုင်းရပ်စ်ကို ဖျက်ဆီးနိုင်မှာ ဖြစ်ပြီး WHO ရဲ့ ထောက်ခံချက်ရရှိဖို့ လျှောက်လွှာတင်သွင်းသွားမယ်လို့ ဆိုပါတယ်။ သီးသန့်ခွဲထုတ်ထားတဲ့ TR-10 ဆိုတဲ့ မော်လီကျူးတစ်မျိုးကို အခြေခံထားပြီး ဆေးထုတ်လုပ်တာပါ။

TR-10 မော်လီကျူးဟာ Ursolic Acid ကနေ ယူထားတဲဲ့ ပစ္စည်းတစ်ခု ဖြစ်ပြီး လူ့ကိုယ်ခန္ဓာပြင်ပ ဖန်ပြွန်မှာ ပွားယူထားတဲ့ ဗိုင်းရပ်စ်ကို ရာနှုန်းပြည့် တားဆီးနိုင်တယ်လို့လည်း ဗင်နီဇွဲလားသိပ္ပံနဲ့ နည်းပညာဝန်ကြီး ဂါဘရီယယ်လာ ဂျီမန်နက်ဇ်က EFE News Agency ကို ပြောပါတယ်။ ဗင်နီဇွဲလား ကိုဗစ်လူနာတွေဆီက ခွဲယူထားတဲ့ ဗိုင်းရပ်စ်ဆဲလ်မှာ လေ့လာမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo: deccanherald

ဗင်နီဇွဲလားသတင်းစာ La Calle ရဲ့ အဆိုအရ ဒီမော်လီကျူးကို အသည်းရောင်အသားဝါ စီ Hepatitis C ၊ HPV ၊ အီဘိုလာနဲ့ တခြားရောဂါတွေမှာလည်း သုံးတယ်လို့ ဆိုပါတယ်။ ဆေးကို ဖော်ထုတ်ခဲ့တာဟာ Venezuelan Institute for Scientific Research (IVIC) အဖွဲ့အစည်းဖြစ်ပြီး COVID-19 ကုထုံးဖော်ထုတ်နိုင်ခဲ့တဲ့ IVIC ကိုလည်း သမ္မတမာဒူရိုက ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာမဟာမိတ်တွေရဲ့ အကူအညီနဲ့ ဆေးဝါးအမြောက်အများ ထုတ်လုပ်သွားမယ်လို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလားဟာ ဒီလဆန်းပိုင်းမှာ ရုရှားထုတ် Sputnik COVID-19 ဆေးကို လက်ခံခဲ့တဲ့ ပထမဆုံး လက်တင်အမေရိကနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။