ပရော်ဖက်ရှင်နယ် အားကစားသမားတွေဟာ တခြားအသက်မွေးဝမ်းကျောင်းတွေထက် ဝင်ငွေကောင်းကြပါတယ်။ တချို့ဆို တစ်နှစ်တစ်နှစ် အားကစားကနေ ဒေါ်လာသန်း ဆယ်နဲ့ချီ ရကြပါတယ်။ ဒါတောင် တချို့ နာမည်ကျော်ပရိုကစားသမားတွေဟာ အားကစားလောကက နားပြီး ၄/၅ နှစ်အတွင်း စီးပွားပျက်မွဲတေသွားတဲ့အထိ အဖြစ်ဆိုးနဲ့ ကြုံရတာတွေ ရှိပါတယ်။

၂၀၀၉ ခုနှစ်က လုပ်ခဲ့တဲ့ Sports Illustrated ရဲ့ အစီရင်ခံစာအရ NFL ကစားသားဟောင်းတွေရဲ့ ၇၈% ဟာ အားကစားလောက ကနေ အနားယူပြီး နှစ်နှစ်အတွင်း ငွေကြေးအကျပ်အတည်းကြုံလာခဲ့ကြတယ်လို့ ဆိုပါတယ်။ Retire လုပ်ပြီး ၅ နှစ်အတွင်းမှာ NBA Players ဟောင်းတွေရဲ့ ၆၀% ဟာ ဆင်းရဲမွဲတေသွားတဲ့အထိ ဖြစ်ခဲ့တယ်လို့လည်း ဒီစစ်တမ်းက ဆိုပါတယ်။

တခြားအားကစားနယ်ပယ်တွေ ဖြစ်တဲ့ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘော ၊ ဂေါ့ဖ် နဲ့ ဟော့ကီကစားသမားဟောင်းတွေလည်း အလားတူ ငွေကြေးအခက်အခဲတွေ ကြုံခဲ့ကြပါတယ်။ သူတို့ရှာခဲ့တဲ့ ငွေတွေ ဘယ်ရောက်ကုန်လို့လဲ။ ဘယ်လိုနည်းနဲ့ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးပျောက်ပျက်ကုန်တာလဲ။ ဘယ်သူတွေ ဒီလိုအဖြစ်နဲ့ ကြုံခဲ့သလဲ။

(၁) အယ်လန် အိုင်ဗာဆင်

Allen-Iverson-pro-athlete

Photo: Go Banking Rates

NBA ကြယ်ပွင့် အယ်လန်အိုင်ဗာဆင်ဟာ ကစားသမားဘဝမှာ စုစုပေါင်း ဒေါ်လာ ၁၅၄ သန်း ရှာနိုင်ခဲ့ပါတယ်။ ၂၀၁၂ မှာ လက်ဝတ်ရတနာဆိုင်ကို အကြွေးပေးစရာ ဒေါ်လာ ၆၆၂၅၄၀ ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် တရားစွဲခံရပြီးနောက်မှာ တစ်ခါက နာမည်ကျော် NBA Pro player တစ်ယောက် မွဲသွားပြီ ဆိုပြီး သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဂဏန်း ၉ လုံးစာ ချမ်းသာမှုတွေ ဘယ်ရောက်သွားသလဲ။

Philadelphia Inquirer သတင်းထောက် ဘီလ်လိုင်ယွန်ကတော့ အိုင်ဗာဆင်မွဲတာ အံ့ဩစရာမဟုတ်ဘူးလို့ ဆိုပါတယ်။ ခေတ်ကောင်းစဉ်က အိုင်ဗာဆင်ဟာ သူကစားတဲ့ ပွဲတွေအထိ လိုက်ပြီး သူ့ကို အလှပြင်ပေးတဲ့ Personal Hairstylist အတွက် ငွေတွေ ပုံအောသုံးခဲ့သလို ပြောင်ပြောင်လက်လက် လက်ဝတ်ရတနာတွေဆိုလည်း သည်းခြေကြိုက်စုဆောင်းတတ်သူလို့ ဆိုပါတယ်။ နောက်ပြီး ဖျော်ဖြေရေးတွေမှာ ပိုက်ဆံသုံးရတာလည်း သူ့အကြိုက်တစ်မျိုးပါပဲ။

(၂) အန်တွိုင်း ဝေါ့ကာ

Antoine-Walker-pro-athlete

Photo: Go Banking Rates

အန်တွိုင်း ဝေါ့ကာလည်း NBA ကစားသမားဟောင်းပါပဲ။ ရိုးရိုး ကစားသမားတော့ မဟုတ်ပါဘူး။ ၂၀၁၀ မှာ ဘဝတစ်လျှောက်လုံး ရှာခဲ့တဲ့ ဒေါ်လာ သန်း ၁၁၀ ကို လောင်းကစားဝိုင်းတွေ ၊ သူငယ်ချင်းတွေကို ပေးကမ်းပစ်တာတွေ ၊ အိမ်ခြံမြေ အရောင်းအဝယ် အလိမ်ခံရမှုတွေနဲ့ ဇိမ်ခံ သုံးဖြုန်းမှုတွေမှာ သုံးခဲ့ပြီးနောက် လူမွဲစာရင်း ကြေညာလိုက်တဲ့ ကစားသမား ဖြစ်ပါတယ်။

Sports Illustrated မဂ္ဂဇင်းအရ တစ်ခါက သူပေးကမ်း ကျွေးမွေးခဲ့တဲ့ သူငယ်ချင်းနဲ့ မိသားစုဝင် အရေအတွက်ဟာ ၃၀ ကနေ ၇၀ အထိ ရှိတယ်လို့ ဆိုပါတယ်။ ငွေကို အကွပ်မဲ့ သုံးဖြုန်း ပေးကမ်းခဲ့တဲ့ သဘောမနောကောင်းသူ ဝေါ့ကာဟာ နောက်တော့ လူမွဲအဖြစ် ကြေညာတဲ့အထိကို ရောက်သွားတာ ဖြစ်ပါတယ်။

(၃) တိုက်ဂါးဝုဒ်

Tiger-Woods-pro-athletePhoto: Go Banking Rates

ကမ္ဘာကျော် ပရိုဂေါ့ဖ်သမား တိုက်ဂါးဝုဒ်ဟာ အယ်လင် နောဒီဂရင်းနဲ့ ကွာရှင်းပြတ်စဲချိန်မှာ လျော်ကြေး ဒေါ်လာ သန်း ၁၀၀ အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီငွေလောက်က တိုက်ဂါးဝုဒ်အတွက် ရေခွက်ထဲက ရေတစ်စက်လောက်ပါပဲ။ ၁၉၉၆ ခုနှစ်က စလို့ ပရော်ဖက်ရှင်နယ်အဖြစ် ဂေါက်ရိုက်လာတဲ့သူဟာ စပွန်ဆာကြေးငွေချည်းကို ဒေါ်လာ ၁.၄ ဘီလျံ ရှာနိုင်ခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဆိုပါတယ်။

(၄) ဖလွိုက်မေဝဲလ်သာ

Flloyd-Mayweather-Jr-pro-athlete

Photo: Go Banking Rates

ပိုက်ဆံကြီး (Money) လို့ နာမည်ပြောင်ပေးထားတဲ့ ဖလွိုက်မေဝဲလ်သာဟာ ၂၀၁၇ မှာ ပရော်ဖက်ရှင်နယ် Boxer လောကကနေ အနားယူပြီလို့ ကြေညာခဲ့သူပါ။ တစ်ပွဲကို ဒေါ်လာ သန်း ၃၀၀ ကျော်အထိ ရတဲ့ ပွဲတွေ ထိုးသတ်ခဲ့တဲ့ Boxer ဟာ အခုချိန်မှာ ဒေါ်လာ သန်း ၄၅၀ ကျော် ချမ်းသာမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူဟာ ပွဲတစ်ပွဲတည်းနဲ့ ဒေါ်လာသန်း ၂၀၀ ထိုးကြေးရခဲ့ပြီး ဝင်ငွေခွန်ဌာနက်ို ဒေါ်လာ ၂၂.၂ သန်း ပေးခဲ့ရပါတယ်။

(၅) မိုက်ခ်တိုင်ဆင်

Mike-Tyson-boxer

Photo: Go Banking Rates
ကစားသမားဘဝတစ်လျှောက် နှစ် ၂၀ ကျော်အတွင်း ဒေါ်လာ သန်း ၄၀၀ နီးပါး ရှာနိုင်ခဲ့တဲ့ ဟဲဗီးဝီတ်ချန်ပီယံဟောင်း မိုက်ခ်တိုင်ဆင်ကလည်း ငွေသုံးကြမ်းပါတယ်။ ဆိုက်ဘေးရီးယား ကျားလို ရှားပါးသတ္တဝါတွေအထိ မွေးပြီး ငွေဖြုန်းခဲ့တဲ့သူဟာ IRS ကို ဒေါ်လာ ၁၃.၄ သန်း အကြွေးတင်ခဲ့ရပါတယ်။ ၂၀၀၃ ခုနှစ်မှာ တင်သွင်းတဲ့ သူ့ရဲ့စီးပွားပျက်လျှောက်ထားမှုမှာ IRS အကြွေးအပြင် စုစုပေါင်း ဒေါ်လာ ၂၃ သန်းအထိ အကြွေးတင်ခဲ့ပါတယ်။

(၆) အီဗင်ဒါ ဟိုလီဖီး

Evander-Holyfield-pro-athlete

Photo: Go Banking Rates

မိုက်တိုက်ဆင်ရဲ့ အခါးသီးဆုံးပြိုင်ဘက် ကမ္ဘာကျော် Boxer အီဗင်ဒါ ဟိုလီဖီးကတော့ အိမ်ကြီးရခိုင်တွေ ပိုင်ရတာကို ဂုဏ်ယူတတ်သူဖြစ်ပါတယ်။ အတ္တလန်တာ ဆင်ခြေဖုံးက အခန်း ၁၀၉ ခန်းပါ ရဲတိုက်ကြီးက သူ့ရဲ့ ဂုဏ်ယူစရာ ပိုင်ဆိုင်မှု ဖြစ်ခဲ့ပါတယ်။ နောက်တော့ အိမ်ကြွေး ဒေါ်လာ ၁၀ သန်း ပေးဖို့ ပျက်ကွက်တာကြောင့် ဘဏ်က သိမ်းသွားခဲ့ပါတယ်။

ဟိုလီဖီး အမြတ်တနိုး တန်ဖိုးထားတဲ့အိမ်ကြီးဟာ ရက်ပ်ပါ ရစ်ခ်ရော့စ်လက်ထဲ ချိုချိုချောင်ချောင် ဈေးဖြစ်တဲ့ ဒေါ်လာ ၅.၈ သန်းနဲ့ရောက်သွားခဲ့ပါတယ်။ မိုက်တိုင်ဆင် အလဲမထိုးနိုင်ခဲ့တဲ့ ဟဲဗီးဝိတ်ချန်ပီယံကို လောကဓံလှည့်ကွက်တွေက ထောက်လက်သီးတစ်ချက်နဲ့ အမှောက်သိပ်သွားတယ်လို့ ဆိုရမှာပါ။