အခုလို အိမ်ကနေ အလုပ်လုပ်နေကြချိန်ဟာ အချိန်ပိုင်းအပိုဝင်ငွေရှာဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခုပါပဲ။ အလုပ်ရဲ့ လိုအပ်ချက်နဲ့ သင့်ရဲ့ ကျွမ်းကျင်မှုပေါ်လိုက်ပြီး အားလပ်ချိန်မှာ အပိုဝင်ငွေရှာနိုင်တဲ့နှုန်းကလည်း အပြောင်းအလဲရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာတလွှားက ဝင်ငွေမြင့်မားကြတဲ့ အချိန်ပိုင်းအလုပ်လေးတွေအကြောင်း ပြောချင်ပါတယ်။

(၁) eBay မှာ တစ်ပတ်ရစ်ရောင်းတာ

e-Commerce

Photo: Unsplash

အမေရိကန် e-Commerce ပလက်ဖောင်းတစ်ခုဖြစ်တဲ့ eBay ဟာ တစ်ပတ်ရစ်ပစ္စည်းတွေ ရောင်းချခြင်းနဲ့ နာမည်ကြီးပါတယ်။ ကိုယ့်ဆီမှာ ရှိပြီး အသုံးမလိုတဲ့ အိမ်သုံးပရိဘောဂနဲ့ အိမ်သုံးပစ္စည်းတွေ ၊ စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်းတွေကို eBay ရောင်းပြီး ငွေရှာနိုင်ပါတယ်။ ဝယ်သူအကြိုက်နဲ့ ကိုယ့်ပစ္စည်းရဲ့ ရှားပါးအဖိုးတန်မှုပေါ်လိုက်ပြီး အမှိုက်ထဲက ရွှေကျင်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။ ဝန်ထမ်းအလုပ်မဟုတ်လို့ စိတ်ဖိစီးစရာ ၊ ဝန်ပိစရာလည်း ရှိမှာ မဟုတ်ပါဘူး။

(၂) လုပ်ငန်းငယ်လေးတွေရဲ့ Social Media ပိုင်း ကိုင်တာ

Social Media

Photo: Unsplash

Digital Marketing ပိုင်း နားလည်တတ်ကျွမ်းရင် Social Media Manager တစ်ယောက်အနေနဲ့ အလွတ်တန်း ရပ်တည်နိုင်ပါတယ်။ ပုံမှန်ဝန်ထမ်းတွေလို ရုံးတက်စရာမလိုဘဲ ကိုယ်ရောက်ရာနေရာကနေ ကိုယ့်ကိုင်ထားတဲ့ လုပ်ငန်းတွေရဲ့ Facebook ၊ Instagram ၊ Snapchat နဲ့ Twitter Social Media ပလက်ဖောင်းတွေကို စီမံခန့်ခွဲတာမျိုး လုပ်ရမှာပါ။ ဒီအလုပ်ကလည်း ဖိအားသိပ်မများဘဲနဲ့ အပိုဝင်ငွေရှာနိုင်မယ့် အလုပ်ဖြစ်ပါတယ်။

(၃) အွန်လိုင်းကနေ စာသင်တာ

Social Media

Photo: Unsplash

အရင်က Skype လို ပလက်ဖောင်းကနေပြီး ဘာသာစကားတွေ သင်တဲ့လူတွေ ရှိကြပါတယ်။ အခုနောက်ပိုင်းမှာ Page Groups တွေ ၊ Zoom / Google Meets/ Microsoft Teams တို့လို Video Conferencing ပလက်ဖောင်းတွေပေါ်ကနေ အဖွဲ့လိုက်စာသင်ပေးကြတဲ့ Tutors အလုပ်တွေလည်း ခေတ်စားနေကြပါတယ်။ ကိုယ့်မှာ အွန်လိုင်းပေါ်ကနေ တခြားသူကို ပြန်သင်ပေးလို့ရတဲ့ ဘာသာစကား ၊ အရေးအသား ၊ Programming ၊ အချက်အပြုတ် ၊ စီမံခန့်ခွဲခြင်းနဲ့ တခြား Skills တွေ ရှိရင် ဒီနည်းနဲ့ ဝင်ငွေတိုးအောင်လည်း လုပ်နိုင်ပါတယ်။

(၄) Audiobook ထုတ်တာ

phone and book

Photo: Unsplash

ACX လိုမျိုး ပလက်ဖောင်းတစ်ခုသုံးပြီး အသံသွင်းစာအုပ်တွေ ဖန်တီးနိုင်ပါတယ်။ ကိုယ့်ရဲ့အသံသွင်းစာအုပ်ကို Audible နဲ့ iTunes တို့လို ပလက်ဖောင်းတွေပေါ်မှာ ပြန်ရောင်းနိုင်ပါတယ်။ စာရင်းကိုင်ပညာ ၊ စတော့ခ်ရှယ်ယာကစားနည်း ၊ နိုင်ငံခြားငွေကြေးပေါ် ရင်းနှီးမြှပ်နှံမှုနဲ့ အွန်လိုင်းဈေးကွက်ရှာဖွေရေးလိုမျိုး ပညာရပ်ဆိုင်ရာအကြောင်းအရာတွေကို သင်ပေးတဲ့ Audiobook မျိုးဆိုရင် ပိုက်ဆံပိုရပါတယ်။ ဒါနဲ့ ဆင်တူတာက eBook ရေးထုတ်ပြီး Amazon KDP နဲ့ CreateSpace လို ပလက်ဖောင်းတွေပေါ်ကနေ ပြန်ရောင်းချနိုင်ပါတယ်။

(၅) Food Truck ဖွင့်တာ

Food Truck

Photo: Unsplash

အစားအသောက်တွေ လည်ရောင်းတဲ့ Food Track ကတော့ အရင်းအနှီးများပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ကောင်းပြီး စီးပွားရေးဖြစ်လွယ်ပါတယ်။ စားသုံးသူတွေ ရှိရာကို အရောက်သွားနိုင်တဲ့ အားသာချက် ရှိပြီး ဝယ်ယူစားသောက်ဖို့ ပိုပြီး လွယ်ကူအဆင်ပြေလို့ အားပေးမှုရလွယ်ပါတယ်။ စားသုံးသူအကြိုက်နဲ့ ‌ကာလဒေသကြည့်ပြီး ရောင်းတတ်ရင် အဆင်ပြေမယ့်လုပ်ငန်းမျိုး ဖြစ်ပါတယ်။

Featured Photo: side hustle nation