ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်က ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နှစ်ထောင်ချီကြာပြီဖြစ်တဲ့ ရိုးရာဓလေ့တွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုတွေကို ဂျပန်နိုင်ငံမှာတွေ့မြင်ရနိုင်ပါတယ်။ ဒီနေ့တော့ ဂျပန်နိုင်ငံကို ထူးခြားစေတဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးသွားမှာပါ။

ကမ္ဘာအန္တရာယ်အကင်းဆုံးမြို့ (တိုကျို)

Economist Intelligence Unit အဖွဲ့ရဲ့ လေ့လာမှုတွေအရ တိုကျို မြို့ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အကင်းဆုံး မြို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကတော့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ပုဂ္ဂိုလ်ရေး လုံခြုံမှု၊ သတင်းအချက်အလတ်ရရှိမှု နဲ့ အဆောင်အအုံတွေ လမ်းပန်းဆက်သွယ်မှုတွေအားလုံးကို လေ့လာပြီးမှ ထုတ်ပြန်ရတာပါ။ တိုကျိုမြို့က ပထမရပြီး စင်ကာပူနိုင်ငံကတော့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ တတိယနေရာကိုတော့ ဂျပန်နိုင်ငံက နောက်ထပ်မြို့တစ်မြို့ဖြစ်တဲ့ အိုဆာကာ မြို့ကရရှိသွားခဲ့ပါတယ်။

တိကျတဲ့လမ်းညွှန်မှုများ

ဂျပန်နိုင်ငံမှာ တိကျတဲ့ လမ်းညွှန်မှုတွေရှိပါတယ်။ ဂျပန်နိုင်ငံသားတွေမဟုတ်တဲ့ နိုင်ငံခြားသားတွေနားလည်နိုင်အောင်လည်း အင်္ဂလိပ် ဘာသာပြန်ထားတာတွေ နဲ့ ရုပ်ပုံတွေရေးဆွဲထားတာတွေ ရှိပါတယ်။

ဂျပန်နိုင်ငံက ကလေးတွေမှာတူညီတဲ့ မွေးနေ့တွေရှိကြတယ်

နိုဝင်ဘာ (၁၅) ရက်နေ့ဟာ အသက် (၃) နှစ် (၅) နှစ် သို့ (၇) နှစ်ကလေးတွေရဲ့ မွေးနေ့ပွဲကို အကြီးအကျယ်ကျင်းပလေ့ရှိပါတယ်။ ဒီမွေးနေ့ပွဲကိုတော့ Shiti-Go-San လို့ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ (၇,၅,၃) ပဲဖြစ်ပါတယ်။

မနက်ခင်းလေ့ကျင့်ခန်း

ကျောင်းသားတွေနဲ့ ကုမ္ပဏီတော်တော်များများက အလုပ်သမားတွေဟာ သူတို့ရဲ့ မနက်ခင်းကို လေ့ကျင့်ခန်းနဲ့ စတင်ပါတယ်။ ဒီဓလေ့က (၁၉၂၈) ခုနှစ်ကတည်းက ရှိလာခဲ့တာပါ။

နှစ်ပေါင်း ထောင်ချီသက်တမ်းရှိ ကုမ္ပဏီများ

ဂျပန်နိုင်ငံမှာ မြေယာပိုင်ဆိုင်မှုကို တင်းကျပ်ထားပါတယ်။ ဒါ့ကြောင့်လည်း နှစ်ပေါင်းထောင်ချီတဲ့ ကုမ္ပဏီတွေကို တွေ့ရလေ့ရှိတာပါ။ Hoshi Ryokan လို့ခေါ်တဲ့ ဂျပန်ရိုးရာ ဟိုတယ်တစ်ခုဆိုရင် (၇၁၈) ခုနှစ်ကတည်းက ရှိလာခဲ့တာပါ။ ဒီဟိုတယ်ကို မိသားစုတစ်စုထဲကပဲ မျိုးရိုးစဉ်ဆက် (၄၆) ဆက်လောက်ထိန်းသိမ်းလာခဲ့တယ်လို့သိရပါတယ်။

မြန်ဆန်တဲ့လမ်းပြုပြင်မှုစနစ်

ဂျပန်နိုင်ငံမှာ (၂၀၁၄) ခုနှစ်တုံးက ဖူကူအိုကာမြို့ လမ်းမပေါ်မှာ (၄၅) ပေခန့်ရှိတဲ့ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ လမ်းမကြီးက အများပြည်သူသုံးလမ်းဖြစ်ပေမယ့် တစ်စုံတစ်ယောက်မှ ထိခိုက်မိခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီအပေါက်ကြီးကို (၄၈) နာရီအတွင်း ပြန်လည်ပြုပြင်ခဲ့ပြီး ပုံမှန်အသုံးပြုခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက အင်တာနက်အသုံးပြုသူတွေအားလုံးလည်း အံ့ဩခဲ့ရပါတယ်။

Source: Bright Side