ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းကို စွန့်ခွာဖို့ ပြင်ဆင်နေတယ်လို သတင်းတွေထွက်ပေါ်နေပြီး အသင်းအချို့က အာဂျင်တီးနားကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
ပီအက်စ်ဂျီ၊ မန်ချက်စတာစီးတီး၊ အင်တာမီလန် စတဲ့ ဥရောပထိပ်သီးအသင်းကြီးတွေက အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဘယ်အသင်းကို ပြောင်းသွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Photo: maltatoday

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာကနေ ထွက်ခွာချင်နေတဲ့ စူပါစတားလီယွန်နယ်မက်ဆီနဲ့ ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ Ole ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မက်ဆီဟာ အင်္ဂါနေ့က ဘာစီလိုနာအသင်းကို အပြောင်းအရွှေ့ပြုလုပ်ခွင့် တောင်းဆိုခဲ့တာဖြစ်ပြီး ဘလွန်းဒီအော် ၆ ဆုရှင်ဟာ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ အင်တာ၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီအသင်းတို့နဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

Photo: FotMob

Mundo Deportivo သတင်းစာရဲ့ ရှေ့ဆုံးစာမျက်နှာမှာ မန်ချက်စတာစီးတီးအသင်းက နည်းပြဟောင်း ပက်ဂွါဒီယိုလာနဲ့ ပြန်လည်ဆုံစည်းချင်နေတဲ့ အသက် ၃၃ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြခဲ့ပြီး Marca ရဲ့သတင်းအရ မန်စီးတီးက ၃ နှစ်စာချုပ်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လီဂူးဝမ်းချန်ပီယံပီအက်စ်ဂျီအသင်းကလည်း မက်ဆီကို မျက်စိကျနေပြီး ၎င်းတို့ရဲ့ နေမာ၊ ဘတ်ပီစတဲ့ကစားသမားတွေနဲ့ ထက်မြက်တဲ့တိုက်စစ်ကို ကမ္ဘာ့ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်စစ်အတွဲဖြစ်လာအောင် မက်ဆီကိုပါ ထပ်ခေါ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။