ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စိန့်အက်တီယန်အသင်းကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် သီတင်းပတ် ၆ ပတ်ကနေ ၈ ပတ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။

 PSG star Neymar ruled out for up to 8 weeks with ankle injury

Photo : Daily Sabah

အဆိုပါပွဲစဉ်မှာတော့ ဒုတိယပိုင်း ပွဲကစားချိန် ၈၅ မိနစ်မှာ စိန့်အက်တီယန်အသင်းစားသမား မေကွန်ရဲ့ ဖျက်ထုတ်မှုကို ခုန်ကျော်ဖို့ကြိုးစားခဲ့ရာ မြေပြင်သို့ပြန်အကျမှာ ဟန်ချက်လွဲသွားခဲ့ပြီး မေကွန်ရဲ့ ခြေထောက်ပေါ်ကျကာ ခြေချင်းဝတ်ခေါက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ဆေးမှုတွေအရတော့ ဘရာဇီးကြယ်ပွင့်ကစားသမား နေမာဟာ ဘယ်ဘက်ခြေကျင်းဝတ်အရွတ် ပျက်စီးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှုတွေပြုလုပ်ဖို့ မလိုအပ်ပေမယ့်လည်း  အနည်းဆုံး သီတင်းပတ် ၆ ပတ်ကနေ ၈ ပတ်လောက်အထိ အနားယူရမှာဖြစ်တယ်လို့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက တနင်္လာနေ့မွန်းလွဲပိုင်းမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ၎င်းတို့ရဲ့တိုက်စစ်ကစားသမားရဲ့ ဒဏ်ရာနဲ့ပတ်သတ်ပြီး စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အခြေအနေတွေကို ထပ်မံကြေညာပေးသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

PSG star Neymar ruled out for up to 8 weeks with ankle injury

Photo : CBS Sports

နေမာဟာ ၎င်းရဲ့ အင်စတာဂရမ်လူမှုကွန်ယက်စာမျက်နှာမှာလည်း ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး အတည်ပြုပေးခဲ့ကာ မကြာခင်ပြန်လည်ကောင်းမွန်လာမှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးရေးသားထားခဲ့ပါတယ်။

” ဒီလိုထင်မှတ်မထားတဲ့ ဒဏ်ရာပြဿနာတွေဆိုတာ ကစားသမားတိုင်းရင်ဆိုင်ကြုံတွေ့ရတဲ့ အတားအဆီးတစ်ခုပါပဲ ၊ ဒါပေမယ့် အခု ခေါင်းကိုမော့ထားပြီး ဆက်သွားနေမှာပါ ၊ ပရိသတ်တွေစိတ်မပူပါနဲ့ မကြာခင် အရင်ထက်ပိုကောင်းမွန်တဲ့ ခြေစွမ်းတွေ သန်မာမှုတွေ ပြန်လာခဲ့ပါမယ် ” လို့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail