ပြီးခဲ့တဲ့ သတင်းပတ်က ကာတာလိဂ်ပွဲစဉ်တစ်ပွဲအတွင်း နှလုံးရပ်မလိုဖြစ်သွားခဲ့တဲ့ ပြိုင်ဘက်အသင်းနောက်ခံလူကို အယ်ရေယန်အသင်း ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က အသက်ကယ်တင်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

qatari-stars-league-defender-who-suffered-cardiac-arrest-on-sunday-thanks-james-rodriguez-after-former-everton-star-produced-life-saving-first-response-move-to-help-him-survive

Photo : talkSPORT

ကာတာစတားလိဂ်ရဲ့ နာမည်ကြီးကလပ် အယ်ရေယန်အသင်းနဲ့ အယ်ဝက်ခရာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ပထမပိုင်းမှာ အယ်ဝက်ခရာအသင်း နောက်ခံကစားသမား ကူလီဘာလီဟာ ရုတ်တရက် နှလုံးဖောက်ကာ ဂိုးရှေ့မှာ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် အယ်ဝက်ခရာနောက်ခံလူ ကူလီဘာလီရဲ့ လဲကျသွားမှုကို မြင်တွေ့ခဲ့တဲ့ ကိုလံဘီယာကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ချက်ချင်းပဲ ပြိုင်ဘက်အသင်းကစားသမားဆီ ပြေးသွားခဲ့ပြီး ဆေးအဖွဲ့တွေ မရောက်မီ ရှေးဦးသူနာပြုနည်းတွေနဲ့ ပြုစုကာ အသက်ကယ်တင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

qatari-stars-league-defender-who-suffered-cardiac-arrest-on-sunday-thanks-james-rodriguez-after-former-everton-star-produced-life-saving-first-response-move-to-help-him-survive

Photo : Greek City Times

အဲဗာတန်အသင်းကစားသမားဟောင်းဖြစ်သူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အယ်ဝက်ခရာအသင်းသား ကူလီဘာလီရဲ့ ဦးခေါင်းကို အနေအထားမှန်အောင် ချိန်ညှိပေးခဲ့ပြီး အသက်ရှုရပ်မသွားအောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆေးအဖွဲ့တွေရဲ့ လိုအပ်တဲ့ အရေးပေါ်ကုသမှုတွေ လုပ်ဆောင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုတွေ ခံယူစေခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ၎င်းကစားသမားအနေနဲ့ အသက်အန္တရာယ်စိုးရိမ်စရာမရှိပဲ အခြေအနေပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။

” ဘုရားသခင်ရဲ့ကျေးဇူးနဲ့ အဲဒီ့ သူရဲကောင်းတွေရဲ့ ကူညီပေးခဲ့မှုတွေကြောင့် ကျွန်တော်အသက်ရှင်ခွင့်ရခဲ့တာပါ ၊ ကျွန်တော် လဲကျသွားချိန်မှာ ကျွန်တော်ရဲ့  ဦးခေါင်းကို ပထမဆုံး ချိန်ညှိပေးခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ကျေးဇူးအထူးတင်ပါတယ် ၊ အလားတူ ဆေးအဖွဲ့တွေကို အမြန်အချက်ပြခေါ်ပေးခဲ့တဲ့ အသင်းဖော်ကစားသမားနဲ့ ဆေးကုသပေးခဲ့ကြတဲ့ ဆေးအဖွဲ့များ ၊ ကလပ်အသင်းကစားသမားများ ၊ ဆေးရုံဝန်ထမ်းများနဲ့ ကာတာစတားလိဂ်မှ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ် ” လို့ ကူလီဘာလီက ၎င်းရဲ့ လူမှုကွန်ယက်ကနေတဆင့် ပြောကြားခဲ့ပါတယ်။

qatari-stars-league-defender-who-suffered-cardiac-arrest-on-sunday-thanks-james-rodriguez-after-former-everton-star-produced-life-saving-first-response-move-to-help-him-survive

Photo : The Sun

အဆိုပါပွဲစဉ်မှာတော့ အယ်ရိုင်ယန်အသင်းက ၁ – ၀ ဂိုးနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး ကူလီဘာလီ လဲကျသွားခဲ့ပြီးနောက် ပွဲကိုရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ အဆိုပါပွဲစဉ်အား အစားထိုး ပြန်ကန်ခဲ့ကြပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ် ရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင်
စုစုပေါင်း ၃-၀ ဂိုးရလဒ် နဲ့ အယ်ရေယန်အသင်းကပဲ အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ဆက်လက်ရပ်တည်လျက်ရှိပါတယ်။

Featured Photo : Daily Mail