အရှုံးမပေးဘဲ ဆက်ပြီး ကြိုးစားနေဖို့ဆိုတာ အမြဲတမ်း ခက်ခဲပါတယ်။ ဒါကြောင့်ပဲ လူအတော်များများဟာ လွယ်တဲ့လမ်းနောက် လိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သာမန် သူလိုကိုယ်လိုဘဝမှာပဲ ကုန်ဆုံးချင်ရင်တော့ အများကြီး စဉ်းစားစရာမလိုပါဘူး။ လက်လျှော့လိုက်လို့ ရပါတယ်။ ဒါပေမယ့် ကြီးကျယ်တဲ့ အောင်မြင်မှု လိုချင်ရင်တော့ လက်လျှော့ဖို့ထက် ဆက်ပြီး အဖြေရှာ ရင်ဆိုင်နိုင်ဖို့ဘက်ကို သွားရမှာ ဖြစ်ပါတယ်။ သင့်ကိုယ်သင် လက်လျှော့ချင်စိတ် ပေါက်လာပြီလို့ ခံစားရရင် အခုပြောမယ့် မေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်ပါတယ်။

(၁) အစွမ်းရှိသမျှ အကုန် ကြိုးစားပြီးပြီလား

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် “တော်လိုက်တော့” လို့ မပြောခင်မှာ ငါ အကုန်လုံး ရှိသမျှ လုပ်ကြည့်ပြီးပြီလားလို့ ပြန်မေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူအများစုဟာ သူတို့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ သိပ်နီးစပ်နေချိန်မှာ လက်လျှော့မိတတ်လို့ ဖြစ်ပါတယ်။ လက်လွတ်မချခင် အရင်ဆုံး ကိုယ်တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံ ၊ ကိုယ့်ခွန်အားရှိသမျှအကုန် သုံးပြီး ဆက်ကြိုးစားကြည့်ဖို့ လိုပါတယ်။

(၂) အောင်မြင်မှုနဲ့ တကယ်ဝေးသွားပြီလား

Photo: Freepik

ဘယ်အရာမဆို အခက်ဆုံးအပိုင်းက နောက်တစ်ဆင့်ကို တက်ဖို့အတွက် တံခါးတစ်ချပ်ဖြစ်တတ်ပါတယ်။ အောင်မြင်ဖို့ သိပ်ခက်နေပြီလို့ ထင်နေတဲ့အချိန်ဟာ အောင်မြင်ဖို့ သိပ်နီးကပ်လာတာလည်း ဖြစ်နိုင်ပါတယ်။ Alibaba တည်ထောင်သူ ဂျက်မားပြောခဲ့သလိုပါပဲ။ “ဒီနေ့က ခက်တယ်၊ မနက်ဖြန် ပိုဆိုးလိမ့်မယ်။ မနက်ဖြန်တွေ လွန်ပြီးတဲ့နေ့မှာ တောက်ပသာယာလာလိမ့်မယ်”ဆိုတဲ့ စကားလိုပါပဲ။ အောင်မြင်ခါနီး အခက်တွေ့နေတာပဲ ဖြစ်မှာပါ။ ကိုကာကိုလာတောင် ပထမဆုံး ဈေးကွက်ထဲ ဖြန့်တဲ့နှစ်မှာ ၂၅ ဘူးပဲ ရောင်းချနိုင်ခဲ့တာကို သတိရပါ။

(၃) လက်လျှော့လိုက်ရင် အေးရောလား

Photo: Freepik

ဆက်မလုပ်နိုင်တော့ပါဘူးဆိုပြီး လက်လျှော့လိုက်တာ မခက်ပါဘူး။ ဒါပေမယ့် လက်လျှော့လိုက်ရုံနဲ့ အောင်မြင်နေရင် ဘယ်သူမှ ကြိုးစားတော့မှာ မဟုတ်ဘူးဆိုတာ သိထားဖို့ လိုပါတယ်။ ဘဝမှာ တစ်ခါအလျှော့ပေးပြီးသွားရင် နောက်တစ်ခါ လက်လျှော့ဖို့ဆိုတာ သိပ်လွယ်ပါတယ်။ အောင်မြင်ချင်တဲ့သူတစ်ယောက်ဟာ ခြေတစ်လှမ်းရှေ့ဆက်တိုးရဲတဲ့ သတ္တိလိုပါတယ်။ ခံနိုင်ရည်ထက် တစ်ဆင့်တက်ချင်တဲ့ စိတ်ဓါတ်ရှိဖို့ လိုပါတယ်။ လက်လျှော့လိုက်တာနဲ့ အလုပ်ဖြစ်မယ်တော့ မထင်သင့်ပါဘူး။

(၄) အရင်ကရှုံးဖူးတာနဲ့ပဲ ဆက်ရှုံးနိမ့်ဦးမလား

Photo: Freepik

ဘယ်ချန်ပီယံမှ မရှုံးဖူးတာ မရှိပါဘူး။ အရှုံးဆိုတာ ချန်ပီယံဖြစ်စေမယ့် ရွှေရောင်သော့ချက်တွေပါ။ မရင့်ကျက်သေးတဲ့အချိန် ၊ လေ့ကျင့်သား အားနည်းသေးတဲ့အချိန် ၊ ပညာစွမ်းရည် နည်းသေးချိန်မှာ ရှုံးခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန် မြှင့်တင်ပြီး အောင်မြင်အောင် ဆက်ကြိုးစားရတာပါပဲ။ အောင်မြင်ချင်ရင် ရှုံးမှာ မကြောက်ဖို့နဲ့ ။ အရှုံးရဲ့ လောင်းရိပ်အောက်မှာ နစ်မြုပ်မသွားဖို့ လိုပါတယ်။