မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရန်းနစ်ခ်က ယန်းဘွိုင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ ချဉ်းကပ်ကစားပုံအချို့နဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Mason Greenwood stunning kick

Photo: Telegraph

မန်ချက်စတာယူနိုက်တက်ဟာ အုပ်စုဗိုလ်အဖြစ် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပြီးဖြစ်တာကြောင့် ရန်းနစ်ခ်ဟာ ဗုဒ္ဓဟူးနေ့ညက အိုးထရက်ဖို့ဒ်မှာ ပွဲထွက်လူစာရင်းကို ကြီးကြီးမားမား အပြောင်းအလဲပြုလုပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်က မေဆန် ဂရင်းဝုဒ်ရဲ့ အစောပိုင်းသွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမပြီးဆုံးမီမှာ ဧည့်သည်ယန်းဘွိုင်းစ်အသင်းအတွက် ဖာဘီယန် ရီဒါက တစ်ဖက် ၁ ဂိုးစီ ညီမျှစေမယ့် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြက ချေပဂိုးကို ခွင့်ပြုခဲ့ရတဲ့ ကစားပုံနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေခဲ့တာဖြစ်ပြီး တောင်ပံဖြန့်ကစားပြီး ဘောလုံးကို ရှေ့ကိုပဲ တိုက်ရိုက်ပေးပို့ဖို့ ညွှန်ကြားထားပေမယ့် ၎င်းရဲ့အသင်းဟာ ရှေးရိုစွဲ ဘောလုံးပေးပို့ပုံနဲ့ ဖိအားတွေ ဖိတ်ခေါ်ခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

Fabian Rieder

Photo:BBC

“နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာက ကျွန်တော်တို့ ဂိုးပေးလိုက်ရတဲ့ ပုံစံကြောင့်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူတို့ ဖိအားပေးထားတဲ့ ပထမစည်းနေရာမှာ ဘောလုံးအများကြီး အပေးအယူလုပ်ပြီး ကစားခဲ့လို့ပါ။ ကျွန်တော်တို့ ခွင့်ပြုခဲ့ရတဲ့ ဒီဂိုးနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုလည်း ရှိနေပါတယ်။ ကျွန်တော်တို့ ဘောလုံးကို လွယ်လွယ်နဲ့ ရှင်းထုတ်ခဲ့တဲ့နေရာမှာဖြစ်ပြီး ဘောလုံးကို ဒုတိယ သို့မဟုတ် တတိယစည်းထဲ ကစားတဲ့အခါတိုင်း ကျွန်တော်တို့ အမြဲတမ်း အန္တရာယ်ရှိနေခဲ့တယ်”

“ပွဲမတိုင်ခင် သူတို့ကို ကျွန်တော် ပြောခဲ့ပေမယ့် သူတို့တွေ ဘောလုံးကို ၅ မီတာလောက်အကွာကနေပဲ ပေးတဲ့ အခြေအနေမှာ ကစားနေတုန်းဖြစ်ပြီး ယန်းဘွိုင်းစ်က အဲဒီအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တာပါ။ အဲဒါက အနည်းနဲ့အများ ကျွန်တော်တို့ ပေးပို့ခဲ့တဲ့ ဖိအားဖိတ်ခေါ်မှုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Diglogs