မန်ချက်စတာယူနိုက်တက် ယာယီနည်းပြသစ် ရာ့လ်ဖ် ရန်းနစ်ခ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လိုက်ပ်ဇစ်အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဂျက်ဆီ မာ့ရှ်ကို အိုးထရက်ဖို့ဒ်မှာ နည်းပြအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Jesse Marsch

Photo: MARCA

အမေရိကန်လူမျိုးနည်းပြဟာ ဘွန်ဒက်စ်လီဂါအသင်းကို ဂျူလီယန် နာဂယ်စ်မန်း ထွက်ခွာသွားပြီးနောက်ပိုင်း လွှဲပြောင်းတာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပေမယ့် လိဂ်ပွဲ ၁၄ ပွဲမှာ ၅ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းနဲ့ ၄ လသာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျက်ဆီ မာ့ရှ်ဟာ နည်းပြအဖွဲ့ဝင်သစ်တွေ ရှာဖွေနေတဲ့ ရန်းနစ်ခ်ကြောင့် နည်းပြအလုပ်ကို ချက်ချင်း ပြန်လည် လုပ်ကိုင်နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

The Times ရဲ့ ဖော်ပြချက်အရ မာ့ရှ်ကို ခေါ်ယူနိုင်တဲ့ အခြေအနေ ရုတ်တရက်ရှိလာတာက အသက် ၄၈ နှစ်အရွယ်နည်းပြနဲ့ ၂၀၁၅ ခုနှစ်ကတည်းက သိခဲ့တဲ့ ရန်းနစ်ခ်အတွက် အချက်ပေးမှုဖြစ်လာခဲ့ပြီး ယူနိုက်တက်နည်းပြအဖွဲ့ထဲမှာ တစ်နေရာ ပေးသွားချင်တဲ့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရန်းနစ်ခ်ဟာ နယူးယောက် ရက်ဘူးလ်အသင်းနည်းပြ ခရစ္စ အားမက်စ်ကိုလည်း နည်းပြအဖွဲ့ထဲ ခေါ်ယူခဲ့ပြီးဖြစ်ပြီး ဆာရှာ လန်းစ်ကလည်း အလုပ်ပါမစ်ရခဲ့ပြီဖြစ်တဲ့အတွက် အသင်းရဲ့ အားကစားစိတ်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်သွားတော့မှာဖြစ်ပါတယ်။

Ralf Rangnick and Marsch

Photo: Metro

ဒါပေမယ့်လည်း ရန်းနစ်ခ်က အနည်းဆုံးနောက်ထပ် နည်းပြတစ်ဦးကို ခေါ်ယူချင်နေသေးပြီး လက်ရှိမှာ နယူးယောက်ရက်ဘူးလ်ကို တာဝန်ယူကိုင်တွယ်နေတဲ့ ဘန်စ်လေနည်းပြဟောင်း ဂဲဟတ် စထရူဘာကိုလည်း စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ စထရူဘာဟာ နယူးယောက် ရက်ဘူးလ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေချိန်မှာ မာ့ရှ်ကတော့ အသင်းလက်မဲ့ဖြစ်နေတာကြောင့် ပိုပြီး လွယ်လွယ်ကူကူနဲ့ ခေါ်ယူနိုင်မှာဖြစ်သလို ရန်းနစ်ခ်အကြောင်းကိုလည်း ကောင်းကောင်း သိနေသူလည်း ဖြစ်နေတာဖြစ်ပါတယ်။

Featured Photo: Metro