Rating ကောင်းတဲ့ ဇာတ်ကား တွေသည် တစ်ခါ ကြည့်ပြီးသွားတာနဲ့ ရင်ဘတ်ထဲမှာ အချိန်အကြာကြီး စွဲထင်ကျန်ရစ်စေပါတယ်။ ဇာတ်ကား ကြည့်ပြီးသွားတာနဲ့ ကြည့်ရှုသူရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ပေးပြီး အချို့ ဇာတ်ကားများဆိုရင် ဘဝ သင်ခန်းစာ တစ်ခုခုကို ပေးစွမ်းနိုင်ပါသေးတယ်။

ဇာတ်လမ်း ဇာတ်ကွက် ဘာမှမရှိ၊ ဘာမှ အဓိပ္ပါယ်မရှိတဲ့ ဇာတ်ကားတွေနဲ့ ကွီးတို့ရဲ့ အချိန်ကို ဖြန်းပစ်လိုက်မယ့်အစား Rating ကောင်းတဲ့ ဇာတ်ကား များကို ကြည့်မယ်ဆိုရင် စိတ်အပန်းလည်းပြေပြီး အတွေးစ တစ်ခုခု ထင်ကျန်ရစ်စေမှာပါ။

ထိုကဲ့သို့ ဇာတ်ကားကောင်းများကို ကြည့်ရှုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားသစ်များက ကွီးတို့အတွက်ပါပဲ။

(၁) Oppenheimer

Source: Universal Pictures

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။​ ရူပဗေဒပညာရှင်ကြီး J. Robert Oppenheimer သည် မဟန်တန် ပရောဂျက်လို့ အမည်ပေးထားတဲ့ ထိပ်တန်းလျှို့ဝှက် ပရောဂျက်တစ်ခုကို ဦးဆောင်လုပ်ကိုင်ရပါတယ်။ သူနဲ့အတူ အခြားသော သိပ္ပံပညာရှင်များကလည်း ထိုပရောဂျက်ကို အတူတူ လုပ်ကိုင်ရပါတယ်။ ထိုပရောဂျက်ကတော့ အက်တမ်ဗုံးကို တီထွင်ရခြင်းပဲဖြစ်ပါတယ်။ နှစ်အတော်ကြာ ကြိုးစားခဲ့တဲ့နောက်မှာတော့ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ၊ ၁၆ ရက်နေ့မှာ ထိုပရောဂျက်က အောင်မြင်စွာ ပြီးဆုံးသွားပြီး ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး အလှည့်အပြောင်းတစ်ခုဖြစ်အောင် ဖန်တီးလိုက်ပါတော့တယ်။

Oppenheimer ဆိုတဲ့ ရူပဗေဒပညာရှင်ကြီးကရော သူ့ရဲ့ တီထွင်မှုအတွက် သူ့ကိုယ်ကိုယ် ဂုဏ်ယူမယ်လို့ ထင်ပါသလား။

ဒီဇာတ်ကားရဲ့ ဒါရိုက်တာနာမည်ကတော့ ကြားလိုက်တာနဲ့ သူ့ဇာတ်ကားလည်း မခေဘူးဆိုတာ ကွီးတို့ သိသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Interstellar တို့ Inception တို့လို သိပ္ပံစိတ်ကူးယဥ် ဇာတ်ကားတွေကို ရိုက်ကူးရာမှာ လက်စောင်းထက်တဲ့ ဒါရိုက်တာကြီး Christopher Nolan ကိုယ်တိုင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Rating ကောင်းတဲ့ ဇာတ်ကား တစ်ကားဖြစ်တာကြောင့် ကွီးတို့လည်း သဘောကျကြမှာ အမှန်ပါပဲ။

(၂) Spider-Man: Across the Spider-Verse

Source: Sony Pictures Entertainment

ဒီဇာတ်ကားရဲ့ IMDb ကတော့ ၁၀ မှာ ၈.၈ ရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ထွက်ရှိထားတာပဲဖြစ်ပါတယ်။ စပိုက်ဒါမန်း ဇာတ်ကားတွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့အားလုံး အကြိုက်တွေ့ကြမယ့် ဇာတ်ကားမျိုးပါ။

ဇာတ်လမ်းကတော့ Miles Morales ဆိုတဲ့ စပိုက်ဒါမန်းက စကြာဝဠာ မြောက်မြားစွာဆီသို့ သွားလာကာ Gwen Stacy အပါအဝင် အခြားသော စပိုက်ဒါမန်းတွေနဲ့ ပူးပေါင်းကာ စူပါဗီလိန်ကြီးကို အနိုင်တိုက်ရတာပဲဖြစ်ပါတယ်။

(၃) Mission: Impossible – Dead Reckoning Part One

Source: Paramount Pictures

အက်ရှင် ဇာတ်ဝင်ခန်းတွေဆိုရင် မင်းသားကြီး Tom Cruise က လူစားမထိုးဘဲ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Tom Cruise ကတော့ ထိုဇာတ်ကားထဲတွင် Etan Hunt အဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ IMDb ရိတ်တင်ကတော့ ၁၀ မှာ ၈ ရထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

(၄) John Wick: Chapter 4

Source: Lionsgate Movies

ကြိုက်တဲ့ ခွေးကလေးတွေကို ကြိုက်သလို ရန်စလို့ရပေမယ့် John Wick ရဲ့ ခွေးကိုတော့ မျက်စောင်းနဲ့တောင်မှ မထိုးမိစေနဲ့ ကိုယ့်လူ။ John Wick ကြီး ရောက်ချလာပြီး ကွီးတို့ရဲ့ ဇီဝိန်ကို ခြွေသွားပါလိမ့်မယ်။

ပြောရရင် John Wick: Chapter 4 ကလည်း အဲ့ဒီ့ဇာတ်လမ်းကို အခြေတည်ပြီး ဖြစ်ပေါ်လာတယ်ဆိုလည်း မမှားပါဘူး။ အက်ရှင်မင်းသားရဲ့ သရုပ်ဆောင်ကွက်တွေကြောင့် အက်ရှင်ပရိသတ်များ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ IMDb ကတော့ ၁၀ မှာ ၇.၈ ရထားတာပဲဖြစ်ပါတယ်။

(၅) The Moon

Source: CJ ENM

သိပ္ပံ စိတ်ကူးယဥ် ဇာတ်ကားတွေကို ဒါရိုက်တာ Christopher Nolan တစ်ယောက်တည်း ရိုက်ကူးနိုင်တာ မဟုတ်ပါဘူး။ ကိုရီးယား ဒါရိုက်တာတွေသည်လည်း ဟောလိဝုဒ်နည်းတူ ရိုက်ကူးလာနိုင်သည်အထိ အဆင့်မြင့်နေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ကိုရီးယားဇာတ်ကားဆိုတော့ ဒရမ်မာလေး နည်းနည်းတော့ ပါမှာပေါ့လေ။

ဇာတ်လမ်းကတော့ တောင်ကိုရီးယားနိုင်ငံသည် လသို့ အခြေချရန်အတွက် အာကာသယာဥ်မှူးများနှင့်အတူ အာကာသယာဥ်ကြီးကို လွှင့်တင်ခဲ့ပါတယ်။ ဒါပေမဲ့ လွှင့်တင်ပြီး မကြာလိုက်ပါဘူး ထိုယာဥ်ကြီးသည် အာကာသထဲတောင် မရောက်လိုက်ရပါဘူး။ ကောင်းကင်ပေါ်မှာတင် ပေါက်ကွဲသွားပါတော့တယ်။ ထိုပရောဂျက်ကို ဦးဆောင်တဲ့ ခေါင်းဆောင်တစ်ယောက်ကလည်း သူ့ကိုယ်သူ အဆုံးစီရင်လိုက်ပါတယ်။

ဒီလိုနဲ့ပဲ ထိုဖြစ်ရပ်အပြီး နောက်ထပ် ၅ နှစ်အကြာမှာ နောက်ထပ် အာကာသယာဥ်မှူး (၃) ယောက်က လကမ္ဘာသို့သွားရန် ထွက်ခွာလာခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာရော သူတို့ရဲ့ မစ်ရှင် အောင်မြင်ပါ့မလား။

အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်နှကားလောက်ကို ကွီးတို့ ကြည့်ပြီးပါပြီလဲ။ ဘယ်ဇာတ်ကားကို အကြိုက်ဆုံးပါလဲ။

ဒီဇာတ်ကားတွေကို မကြည့်ရသေးဘူးဆိုရင်တော့ ကွီးတို့ လူဖြစ်ရကျိုး နပ်မှာ မဟုတ်တော့ပါဘူး။