ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းဟာ ဂျူဗင်တပ်အသင်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတယ်လို့ သိရပြီး ပြင်သစ်လူမျိုးနည်းပြဟာ ယခုရာသီကုန်မှာ ဘာနေဗျူးကို စွန့်ခွာဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Photo: Goal

ဂျူဗင်တပ်နည်းပြ ပီယာလိုဟာ ဆိုးရွားတဲ့ ရာသီအစကို ရင်ဆိုင်ခဲ့ရပြီးနောက် သိသာထင်ရှားတဲ့ ဖိအားတွေအောက်မှာ ရောက်ရှိနေသူဖြစ်ပြီး ဂျူဗင်တပ်ဟာ အနာဂတ်အတွက် ဖြစ်နိုင်ဖွယ်ပစ်မှတ်အဖြစ် နည်းပြ ဇီဒန်းကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက နှစ်တိုင်း စီးရီးအေဖလားကို ရရှိနေခဲ့ပေမယ့်လည်း လက်ရှိရာသီမှာတော့ ဂျူဗင်တပ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့အဝေး အဆင့် ၄ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

အေစီမီလန်နဲ့ အင်တာမီလန်အသင်းတို့က အမှတ်ပေးဇယားထိပ်ဆုံး ၂ နေရာကို ဦးဆောင်ထားပြီး ရိုးမားအသင်းကလည်း ဂျူဗင်တပ်အသင်းရဲ့အထက် အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ တစ်ပွဲလျော့နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာရဲ့ ၇ မှတ်အကွာမှာ ရပ်တည်နေရပြီး ဒီထက်ပိုပြီး အမှတ်ပေးဇယားအောက်ကို ကျမယ့်အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပီယာလိုဟာ ဂျူဗင်တပ်အသင်းနဲ့ ပထမဆုံးရာသီမှာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်အောင် စွမ်းဆောင်ပြခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေက အထင်ကြီးခဲ့ပုံမရပါဘူး။

Photo : The Sun

ရလဒ်အနေနဲ့ ဂျူဗင်တပ်အသင်းဟာ အနာဂတ်မှာ အခြားရွေးချယ်စရာနည်းပြကို စတင်ရှာဖွေနေပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းဟာ ၎င်းတို့ ရှာဖွေနေတဲ့ နည်းပြတွေထဲက တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။