ရီးရဲမက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီကြယ်ပွင့် ဘတ်ပီရဲ့ အပြောင်းအရွှေ့ကို ဦးစားပေးလုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ AS ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ရီးရဲမက်ဒရစ်ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတွေမှာလည်း ကမ္ဘာ့ဖလားချန်ပီယံကို ခေါ်ယူဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဘတ်ပီအနေနဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ဘူးဆိုရင် ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo: 90Mins
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ လာမယ့် ၂၀၂၂ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ ကြယ်ပွင့်ကစားသမားနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် အပြောင်းအရွှေ့ဈေးကွက်မှာ တန်ဖိုးမလျော့ကျခင် လာမယ့်နွေရာသီမှာ ဘတ်ပီရောင်းချဖို့အတွက် ဖိအားတွေရှိလာတော့မှာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ဘတ်ပီက ပီအက်စ်ဂျီအသင်းကို မိုနာကိုအသင်းကနေ ကနဦးအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ယူရိုသန်း ၁၈၀ နဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ လီဂူးဝမ်းဖလား ၃ ကြိမ်၊ ပြင်သစ်လိဂ်ဖလား ၂ ကြိမ်အပြင် လီဂူးဝမ်းထိပ်တန်းဂိုးသွင်းရှင်ဆု ၂ ကြိမ်၊ လီဂူးဝမ်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ၂ ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။

Photo – Daily Mail
ပီအက်စ်ဂျီအသင်းဟာ ၎င်းတို့ရဲ့ကြယ်ပွင့်ကစားသမားကို စာချုပ်သစ် ချုပ်ဆိုချင်လာအောင် တတ်နိုင်သမျှ ပုံအောပြီး စည်းရုံးနေတယ်လို့ သိရပြီး ဘတ်ပီအသင်းမှာဆက်နေဖို့ အကူအညီဖြစ်စေနိုင်တဲ့ နေမာကိုလည်း စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
