ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အတွက် ကနဦး မဲခွဲရာမှာ ဘင်ဖီကာအသင်းနဲ့ တွေ့ဆုံခဲ့ပြီးမှ နည်းပညာပိုင်း အမှားအယွင်းတွေကြောင့် မဲပြန်လည်နှိုက်ရာမှာ ပီအက်စ်ဂျီနဲ့ တွေ့ဆုံခဲ့ပြီးနောက် ယူအီးအက်ဖ်အေရဲ့ လုပ်ရပ်အပေါ် ဒေါသထွက်နေပါတယ်။

UEFA Champion League round of 16 draw

Photo: Sport Extra

တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ မဲခွဲပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အုပ်စုအဆင့်မှာ ရင်ဆိုင်ခဲ့ပြီးဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းက ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ မဲအိုးတစ်အိုးတည်းမှာ ရှိနေခဲ့တာကြောင့် စိတ်ရှုပ်ထွေးစရာနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အမှားတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် မဲခွဲပွဲကို အသစ်ပြန်လည် လုပ်ဆောင်သွားမယ်လို့ ချက်ချင်းကြေညာခဲ့ပြီး နောက်ထပ် ၃ နာရီအကြာမှာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေအတွက် ဒုတိယအကြိမ် မဲခွဲမှု ပြန်လည်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Champion League Draw

Photo: UEFA.com

ဒုတိယအကြိမ် မဲခွဲခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံခဲ့ပြီး ချဲလ်ဆီးနဲ့ လိုင်လီ၊ မန်စီးတီးနဲ့ စပို့တင်းလစ္စဘွန်း၊ လီဗာပူးလ်နဲ့ အင်တာမီလန်တို့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ပထမအကြိမ် မဲခွဲတုန်းက ဘင်ဖီကာအသင်းနဲ့ ကျရောက်ခဲ့လို့ ပျော်ရွှင်နေခဲ့ပြီးမှ ဒုတိယအကြိမ် မဲပြန်ခွဲရာမှာ လီဂူးဝမ်းထိပ်သီးအသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

Andrey Arshavin Draw

Photo: Metro

ESPN ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ၎င်းတို့ရဲ့ ပထမအကြိမ် မဲခွဲမှုအတိုင်း ဆက်ထားသင့်တယ်လို့ အခိုင်အမာပြောဆိုနေပြီး ယူအီးအက်ဖ်အေကို တနင်္လာနေ့မဲခွဲပွဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဆော့ဖ်ဝဲအမှားနဲ့ပတ်သက်ပြီး အလိမ်အညာတွေ လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခဲ့ကြောင်း သိရပါတယ်။

“ဆော့ဖ်ဝဲအမှားဆိုတာ လိမ်ညာမှုတစ်ခုပါ။ အဲဒါက လူက မှားခဲ့တာပါ။ ဒုတိယ အတွဲကနေ စတင်ရမှာပါ။ ကျွန်တော်တို့ရဲ့ အတွဲ (ရီးရဲလ်-ဘင်ဖီကာ)ကတော့ တရားဝင်ပါတယ်”လို့ ရီးရဲလ်မက်ဒရစ်အသင်းက သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

Featured Photo: Metro