ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ၎င်းရဲ့ စံအိမ်ကို ဖောက်ထွင်းခံရပြီးနောက် အိမ်ဖောက်ထွင်းခံရတဲ့ နောက်ဆုံး ဘောလုံးသမားဖြစ်လာခဲ့ပါတယ်။

Benzema's Luxury Mansion

Photo: Daily Star

ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား လင်ဒီလော့ဖ်ရဲ့ ဇနီးနဲ့ ကလေးတွေဟာ အိမ်ထဲကို ဖောက်ထွင်းသူတွေ ကျူးကျော်ဝင်ရောက်လာခဲ့ပြီးနောက် ပုန်းနေခဲ့ရတဲ့ ဖြစ်စဉ်အပါအဝင် နောက်ထပ် အလားတူ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီးမားဟာ လာလီဂါပွဲစဉ်အဖြစ် အယ်လ်ချီနဲ့ ယှဉ်ပြိုင်ကစားနေချိန်မှာ ဆန် ဆီဘက်စတီယန် ဒယ် လော့စ် ရေးယက်စ်မှာရှိတဲ့ ၎င်းရဲ့ ဇိမ်ခံစံအိမ်ကြီးဟာ ဖောက်ထွင်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

စပိန်သတင်းဌာန 20minutos ရဲ့ ဖော်ပြချက်အရ ဖောက်ထွင်းသူခိုးတွေဟာ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးရဲ့ လူမရှိတဲ့ စံအိမ်ကို ပန်းခြံကနေတဆင့် ဖောက်ထွင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Karim Benzema

Photo: Daily Star

ဘန်ဇီးမားဟာ အယ်လ်ချီနဲ့ ဘာနေဗျူးမှာ စိတ်ပျက်ဖွယ် တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ် ၅၈ မိနစ်မှာ ဒဏ်ရာ ရရှိခဲ့တဲ့အပြင် အိမ်ဖောက်ထွင်းခံရတဲ့ သတင်းကြောင့် စိတ်ပျက်ခဲ့မှာဖြစ်ပြီး ဘယ်ပစ္စည်းတွေ ပါသွားပြီး ဖောက်ထွင်းသူတွေက ဘယ်သူတွေလဲဆိုတာကို သိရှိရခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဘန်ဇီးမားအတွက်တော့ အိမ်ဖောက်ထွင်းခံရတာက ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတုန်းက ဘာစီလိုနာအသင်းကို ၃-၀ နဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနေတုန်းကလည်း အိမ်ကို ဖောက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။

Featured Photo: Daily Star