Realme 11 စီးရီးရဲ့ နောက်ဆုံးထွက် Pro+ ဖုန်းရဲ့ ဒီဇိုင်း ကို တရားဝင် ချပြလာပါပြီ။ ဒီဖုန်းကို လာမယ့် မေလ ၁၀ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ကျောဘက်မှာ စက်ဝိုင်းပုံ ကင်မရာကျွန်းနဲ့ စတိုင်အမိုက်စား လည်သာပုံစံ ဒီဇိုင်းနဲ့ ထွက်လာမယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ Realme ဘက်ကနေRealme 11 Pro+ ဖုန်းရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်လာခဲ့ပြီး Sunrise Beige လို့အမည်ပေးထားတဲ့ ထူးခြားတဲ့အရောင်နဲ့ ကျောဘက်မှာ လည်သာဒီဇိုင်း ပါမယ်လို့ အတည်ပြုလာခဲ့ပါတယ်။

Realme 11 Pro+

Photo : GSMArena.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ Realme 11 Pro+ဖုန်းရဲ့ ကျောဘက်ဒီဇိုင်းကို လက်ရှိ Bulgari ကုမ္ပဏီနဲ့ ယခင် Gucci ရဲ့ နာမည်ကြီး ဒီဇိုင်နာ Matteo Menotto နဲ့ ပူပေါင်း ဒီဇိုင်းထုတ်ထားတာလို့ သိရပါတယ်။

ဖုန်းရဲ့ ဒီဇိုင်းကိုတော့ ရိုမန်တစ်ဆန်တဲ့ မြို့တစ်မြို့ရဲ့ နေထွက်ချိန်ကို Inspired ယူဖန်တီးထားတယ်လို့ သိရပြီး နူးညံ့တဲ့လည်သာ အထိအတွေ့၊ လက်လုပ်ချုပ်ရိုး ဒီဇိုင်းတွေနဲ့ ပရီမီယံဆန်တဲ့ အတွေ့အကြုံကို ခံစားရနိုင်မှာ ဖြစ်ပါတယ်။

Realme 11Pro+ ဖုန်းဟာ အပေါ်ကနေ အောက်ခြေအထိ ပြားပြားချပ်ချပ် Flat ဒီဇိုင်းနဲ့ မြင်တွေ့ရမှာဖြစ်ပြီး AMOLED မျက်နှာပြင်ရဲ့ ဘေးနှစ်ဖက်ကတော့ အနည်းငယ် ကွေးသွားတဲ့ မှန်ခုံး ဒီဇိုင်းကို သုံးထားပါတယ်။

Realme 11 Pro+

Photo : Gizbot

ကင်မရာပိုင်းမှာတော့ Samsung ISOCELL HP3 Sensor နဲ့အတူ OIS ပါတဲ့ 200MP Main ကင်မရာ ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။ မိတ်ဆက်ဖို့ အချိန် ၂ ပတ်ခန့်လိုသေးတာကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်စောင့်ကြည့် ရပါဦးမယ်။

နောက်လထဲမှာတော့ Realme 11Pro နဲ့ Realme 11Pro+ ဖုန်း ၂ လုံးကို မိတ်ဆက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အရောင်အားဖြင့် Sunrise Beige အပြင် Oasis Green နဲ့ Astral Black ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Oasis Green နဲ့ Astral Black အရောင်တွေအတွက်ကို လည်သာကျောဘက်ဒီဇိုင်း ရမရဆိုတာတော့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။

Featured Photo : GSMArena.com