အရင်ခေတ်က ညနေစောင်းတာနဲ့ မီးမှိတ်ပြီး စောစောအိပ်ကြတဲ့အလေ့အကျင်တွေရှိခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ လူတွေဟာတော်ရုံမအိပ်ကြတော့ပါဘူး။အိပ်ချိန်တွေမှားယွင်းလာတာနဲ့ အမျှ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေလည်းပြောင်းလဲလာပြီး ကျန်းမာရေးထိခိုက်လာကြကာ နာမကျန်းမှုတွေများစွာဖြစ်လာကြပါတယ်။တကယ်တော့ မနက်စောစောအိပ်ယာထတဲ့အလေ့အကျင့်မှာ အံ့သြစရာကောင်းလောက်တဲ့ ကောင်းကျိုးတွေရှိနေပါတယ်။
(၁) တစ်နေ့တာလုံးလန်းဆန်းတက်ကြွစေတယ်
Source : Thrive Global
မနက်စောစောထရင် တစ်နေ့လုံးအိပ်ငိုက်နေတော့မှာဘဲလို့ ထင်နေကြမယ်ထင်ပါတယ်။တကယ်တော့ မနက်စောစောအိပ်ယာထတာဟာ သင့်ခန္ဓာကိုယ်ကို စွမ်းအင်ပိုမိုပြည့်ဝစေပြီး တစ်နေ့တာလုံးကို လန်းဆန်းတက်ကြွစွာ ဖြတ်သန်းစေနိုင်မှာဖြစ်ပါတယ်။ မနက်စောစောထတဲ့အစပိုင်းရက်တွေမှာ အိပ်ငိုက်သလို အိပ်ရေးမဝသလိုခံစားကြရပေမယ့် တစ်ပတ်လောက် ဆက်တိုက် အလေ့အကျင့်ရသွားတဲ့အချိန်မှာတော့ အရင်ကထက် တက်ကြွရွင်လန်းမှုတွေကို ခံစားရမှာပါ။
(၂) ရုပ်ရောစိတ်ပါကျန်းမာလာစေတယ်
Source : The Trent
လေ့လာတွေ့ရှိမှုတွေအရ မနက်ခင်းစောစောထလေ့ရှိတဲ့ လူတွေဟာ သာမာန်လူတွေထက် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းတွေကိုလည်း ပိုင်ဆိုင်လေ့ရှိကြပါတယ်။အချိန်လွန်ကဲစွာအိပ်စက်ခြင်းဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေပိုများပြီး ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စေကို အနှောက်ယှက်စေကာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ဒါကြောင့် မနက်ခင်းစောစောထပြီး လေ့ကျင့်ခန်းလုပ်တာ လမ်းလျောက်တာမျိုးတွေလုပ်ပေးမယ်ဆိုရင် စိတ်ရောကိုယ်ပါကျန်းမာရေးကို ထူးခြားကောင်းမွန်လာစေမှာဖြစ်ပါတယ်။
(၃) အစီအစဉ်တကျလုပ်ဆောင်နိုင်တယ်
Source : Shutterstock
အိပ်ယာထနောက်ကျလို့ ရုံးနောက်ကျတာတွေ မနက်စာလွတ်တာတွေ ကားပိတ်တဲ့ဒဏ်တွေကြောင့် စိတ်ဖိစီးမှုမခံချင်ဘူးဆိုရင် မနက်ခင်းစောစောထဖို့အကြံပြုချင်ပါတယ်။မနက်ခင်းစောစောထမယ်ဆိုရင် တစ်နေ့တာအတွက် အကောင်းဆုံးပြင်ဆင်နိုင်ဖို့ အချိန်ပိုထွက်လာမှာဖြစ်ပြီး မနက်ခင်းမှာလုပ်ဆောင်ရမယ့်အရာတွေကိုအစီအစဉ်တကျလုပ်ဆောင်နိုင်မှဖြစ်ပါတယ်။သူများတွေ အိပ်ယာကနေအလူးအလဲထနေချိန်မှာ ကိုယ်က မနက်စားစားပြီး ရုံးသွားဖို့ အဆင်သင့်ဖြစ်နေမှာပါ။ထိုအခါသင့်ရဲ့စိတ်ကလည်း ကြည်လင်လန်းဆန်းနေပြီး လုပ်ငန်းစွမ်းရည်မှာပါတိုးတက်မှုရလဒ်တွေခံစားရမှာပါ။ကျောင်းသားကျောင်းသူတွေအနေနဲ့လည်း စာကြည့်ချိန်ပိုရပြီး မနက်ခင်းစာကြည့်တာက ပိုမှတ်မိစေနိုင်တာကြောင့် အတန်းထဲမှာအမှတ်ကောင်းတဲ့ ကျောင်းသူတစ်ယောက်ဖြစ်စေမှာပါ။
(၄) ကောင်းစွာအိပ်ပျော်ဖို့ကူညီပေးတယ်
Source : Shutterstock
မနက်ခင်းမှာ အိပ်ယာစောစောထတာဟာ ညဘက်မှာကောင်းစွာအိပ်ပျော်စေမယ့် နည်းလမ်းတစ်ခုပါ။ မနက်ခင်းမှာစောစောထပြီး တစ်နေ့တာလုံး သွားလာလှုပ်ရှားထားတဲ့အတွက် ညဘက်မှာ စောစောအိပ်စက်အနားယူဖို့ ဦးနှောက်ကညွန်ကြားပေးနေမှာဖြစ်ပါတယ်။ဒါကြောင့် ညဘက်တွေမှာကောင်းကောင်းအိပ်မပျော်ဘူးဆိုတဲ့သူတွေအနေနဲ့ မနက်ခင်းကို စောစောအိပ်ယာထခြင်းဖြင့် ပုံမှန်မဟုတ်တဲ့သင့်ရဲ့ အိပ်စက်မှုစက်ဝန်းကို ပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။