နေ့ခင်းဘက် အိပ်ချင်သလိုဖြစ်နေတာကို လူတွေက သိပ်ပြီးဂရုမစိုက်ကြဘူး။ ဟုတ်ပါတယ်။ တစ်ခါတစ်လေ အိပ်ချင်သလို ဖြစ်တာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် နေ့စဉ်ရက်ဆက် အိပ်ချင်သလို ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်နေပါပြီ။

အိပ်ငိုက်စေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ကျန်းမာရေးပြဿနာကြောင့် ညဘက်တွေမှာ အိပ်မပျော်တာ တခြားကြောင့် အိပ်မပျော်တာ အစားအသောက် မဆင်ခြင်တာ စသဖြင့် အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ အမြဲတမ်း အိပ်ချင်သလိုဖြစ်နေရတဲ့ အကြောင်းအရင်းကို ပြောပြပေးသွားမှာပါ။

အစားအသောက်

Source: Science Care

အကယ်၍ သင်ဟာ အစားစားချိန်မမှန်တဲ့သူဆိုရင် လုံလောက်တဲ့ ကယ်လိုရီပမာဏ မရရှိတာကြောင့် အားအင်တွေ ဆုတ်လျှော့နေတက်ပါတယ်။ အစားစားချိန် အရမ်းကြီးကွာဟတာဟာ သွေးတွင်းသကြားဓာတ်ပမာဏ လျှော့ကျသွားစေတာကြောင့် အားအင်တွေ လျှော့သွားတက်ပါတယ်။

အစားစားချိန်ပုံမှန်စားပေးဖို့ အရေးကြီးပါတယ်။ နေ့လည်စာနဲ့ ညစာ ကြားကာလမှာ ဗိုက်ဆာလာရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာပြေ အသီးမုန့်တွေ စားပေးခြင်းကလည်း သင့်ကိုအားအင်တွေ ပြည့်နေစေမှာပါ။

အထိုင်များတာ

Source: Medical News Today

လှုပ်ရှားမှုနည်းပြီး အထိုင်များတာက ကိုယ်တွင်းမှာ အားမရှိသလို ပင်ပန်းသလို ခံစားရစေပြီး သင့်ကို အိပ်ငိုက်လာရစေတဲ့ အချက်တစ်ခုပါ။ မကြာသေးခင်က လေ့လာမှုတွေအရ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ သက်လတ်ပိုင်းတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ တစ်နေ့တာလုံးမှာ အိပ်ငိုက်တယ်လို့ ခံစားရနိုင်ခြေများတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်နေ့တာလုံး ဘာမှကိုမလုပ်နိုင်ဘူး အိပ်ငိုက်တာပဲသိတယ်ဆိုရင်တော့ အထိုင်များနေတာလား ဆန်းစစ်ပါ။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။

အိပ်ရေးမဝတာ

Source: Healthline

အိပ်ရေးမဝတာက သင့်ကို တစ်ချိန်လုံးအိပ်ငိုက်စေတဲ့ အချက်တစ်ခုပါ။ အကြောင်းကတော့ အိပ်နေချိန်မှာ ခန္ဓာကိုယ်က စွမ်းအင်တွေကိုပြန်လည် ပြည့်ဖြိုးအောင်လုပ်ဆောင်ပေးပြီး မှတ်ဉာဏ်တွေကို သိမ်းဆည်းတည်ဆောက်တာနဲ့ ဟော်မုန်းထုတ်လွှတ်မှုတွေကို ထိန်းညှိတာမျိုးတွေကို လုပ်ဆောင်ပါတယ်။ ဒါကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှ တစ်နေ့တာမှာ အိပ်ငိုက်မှုကင်းပြီး လန်းဆန်းတက်ကြွနေမှာပါ။

စိတ်ဖိစီးမှု များတာ

Source: Runtastic

စိတ်ဖိစီးမှုကသင့်ရဲ့ အိပ်စက်မှုကိုရော နေ့စဉ်ဘဝကိုပါ ထိခိုက်စေနိုင်တာပါ။ ဒါကြောင့် နေ့စဉ်တရားထိုင်တာ၊ ယောဂလေ့ကျင့်တာမျိုးလုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျော့ပေးပါ။ စိတ်ဖိစီးမှုကင်းတာက ပျော်ရွှင်စေပြီး အိပ်ရေးဝစေပါတယ်။ ဒါဆိုရင် နေ့ရက်တိုင်းမှာ အိပ်ငိုက်မှုကင်းပြီး တက်ကြွလန်းဆန်းလို့ ပျော်ရွှင်နေစေမှာပါ။