ခွေးဟာ လူ့ရဲ့ အကောင်းဆုံးမိတ်ဆွေလို့ ဆိုကြပါတယ်။ ခွေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလာတာ နှစ်ထောင်နဲ့ချီလာပါပြီ။ ခွေးတွေဟာ ချစ်စရာကောင်းတာကြောင့် တစ်မျိုးတည်းနဲ့ လူတွေရဲ့ Best Friend ဖြစ်လာတာမဟုတ်ပါဘူး။
ခွေးတစ်ကောင်ကို ပိုင်ဆိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ခံစားမှုပိုင်းအရပါ အလွန်ပဲ အကျိုးကျေးဇူးများပါတယ်။ သိပ္ပံနည်းကျသုတေသနတွေက ပြောပြတဲ့ ခွေးမွေးသူတွေ ရနိုင်မယ့် အကျိုးကျေးဇူးတွေအကြောင်း ပြောပြချင်ပါတယ်။
(၁) အထီးကျန်မှု သက်သာစေတယ်

Photo: Unsplash
ခွေးတွေ ရှိထားတာ ဟန်တယ်။ ခွေးတွေက သူတို့ရဲ့သခင်ကို ဘယ်တော့မှ မဖောက်ပြန်တဲ့ အချစ် ၊ အင်မတန်အားကောင်းတဲ့ စိတ်ခံစားမှုဆိုင်ရာ ပံ့ပိုးမှုတွေနဲ့ ချစ်တတ် စောင့်ရှောက်တတ်ပါတယ်။ ခွေးပိုင်ရှင်တွေဟာ ခွေးလုံးဝမမွေးသူတွေထက် စာရင် အထီးကျန်မှု အဖြစ်နည်းပါတယ်။ အနည်းဆုံးတော့ ခွေးလေးရှိထားရင် ကိုယ်တစ်ယောက်တည်းလို့ မခံစားရဘဲ အပျင်းပြေမှာ အမှန်ပါပဲ။
(၂) နှလုံးကျန်းမာရေးအတွက် ကောင်းတယ်

Photo: Unsplash
ခွေးတစ်ကောင် မွေးထားတာဟာ အသက်ရှည်ဆေး ဝယ်ထားသလိုပါပဲ။ ခွေးတစ်ကောင်ရှိရင် အငြိမ်နေရတော့ပါဘူး။ သူတို့အတူ ဆော့ကစားဖြစ်ပြီး အားကစားလုပ်နေရသလို ဖြစ်မှာပါ။ ပုံမှန်အားဖြင့် ခွေးပိုင်ရှင်တွေဟာ သူတို့ခွေးနဲ့ တစ်ပတ်ကို မိနစ် ၃၀၀ နီးပါး လမ်းလျှောက်ဖြစ်ကြတယ်လို့လည်း လေ့လာမှုတွေက ပြောပါတယ်။
၁၉၅၀ ကနေ ၂၀၁၉ ခုနှစ်အတွင်း လေ့လာခဲ့တဲ့ လေ့လာချက်အရဆို ခွေးပိုင်ရှင်တွေဟာ နှလုံးရောဂါကြောင့် သေတာ နည်းတယ်လို့ ဆိုပါတယ်။ ခွေးပိုင်ရှင်တွေမှာ သွေးဖိအား BP Level ပိုကျပြီး စိတ်ဖိစီးမှုကို ကောင်းကောင်း ခံနိုင်ရည် ရှိကြတယ်လို့လည်း ဆိုပါတယ်။
(၃) လူကိုလည်း ပိုဆွဲဆောင်မှု ရှိစေပါတယ်

Photo: Unsplash
ကိုယ်ချစ်တဲ့ခွေးကလေးနဲ့ အတူနေချိန်မှာ လူဟာ စိတ်လက်ကြည်ရွှင်နေတာကြောင့် မြင်ရတာ နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိနေတတ်ပါတယ်။ ခွေးကလေးကနေ ကိုယ့်ကို တီတီတာတာ လာပွတ်သီးပွတ်သပ်လုပ်နေချိန်မှာ ဘယ်သူက မကြည်နူးဘဲ နေနိုင်ပါ့မလဲ။ ကြည်နူးရွှင်မြူးနေတဲ့ လူတစ်ယောက်လောက် ဆွဲဆောင်မှုရှိတဲ့သူ ဘယ်သူရှိပါ့မလဲ။
(၄) ဖော်ရွေအောင် လုပ်ပေးနိုင်တယ်

Photo: Unsplash
ခွေးတစ်ကောင်က သူ့ပိုင်ရှင်ကို Social ကျအောင် လူပေါင်းဆံ့ပြီး လူတွေနဲ့ အပေါင်းအသင်းလုပ်ချင်အောင် ကူညီနိုင်ပါတယ်။ ခွေးမွေးထားသူတွေဟာ ကိုယ့်လို ခွေးချစ်သူတွေနဲ့ အပေါင်းအသင်း ဖြစ်လာနိုင်ပါတယ်။ ခွေးပိုင်ရှင်တွေထဲက ၄၀ ရာခိုင်နှုန်းခန့် ဟာ မိတ်ဆွေဖွဲ့ရလွယ်သူတွေ ဖြစ်တယ်လို့တောင် ဆိုပါတယ်။ သေချာတာကတော့ ခွေးတွေဟာ လူတွေကို ပျော်ရွှင်အောင် ထားသလို လူတွေအချင်းချင်း ပျော်ရွှင်ရင်းနှီးလာအောင်လည်း တနည်းတဖုံနဲ့ အထောက်အကူပြုနိုင်ပါတယ်။
