Comfort Zone ဆိုတာ ရေသေအိုင်တစ်ခုလို ဆန်းသစ် တိုးတက်မှုမရှိတဲ့ အခြေအနေပါ။ သက်တောင့်သက်သာရှိပြီး ဘာကိုမှ အပန်းတကြီး လုပ်ကိုင်ကြံဆစရာ မလိုတဲ့ ချွေးမထွက်ဇုန်ဆိုလည်း မမှားပါဘူး။ Comfort Zone ကနေ ထွက်လာသူတွေဟာ သတ္တိရှိဖို့လိုပါတယ်။ ဒုက္ခတွေနဲ့အသစ်အသစ်တွေနဲ့ရင်ဆိုင်ရပါမယ်။ ဒါပေမယ့် Comfort Zone ကနေ ထွက်ပြီးနေရာသစ်ကို စွန့်စားသူတွေမှာ အခုပြောမယ့် အကျိုးကျေးဇူးတွေလည်း ခံစားရမှာပါ။
(၁) တိုးတက်လာမယ်
Source : Freepik
လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ခြင်းဆိုတာ သူ့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ ကိုယ်ရည်ကိုယ်သွေး မြင့်လာသူဟာ စိတ်ခံစားချက်လည်း မသိမ်ငယ်တော့သလို အခက်အခဲနဲ့ရှုံးနိမ့်မှုတွေ ကြုံလာချိန်မှာလည်း အားငယ်တာမျိုး မဖြစ်တော့ပါဘူး။ ပိုပြီး အရေးကြီးတာ တစ်ခုက သူဟာ ကိုယ့်စွမ်း ကိုယ်စနဲ့ရှင်သန် ကြီးပွားနိုင်တယ်ဆိုတာကို တကယ်သိသွားတာကြောင့် ဘဝရဲ့ မသေချာမှုတွေကို စိုးမကြောက်တော့တာပါပဲ။
(၂) ရင့်ကျက်တဲ့သူ ဖြစ်လာမယ်
Source : Freepik
အတွေ့အကြုံတွေက လူတစ်ယောက်ရဲ့ အမြင်နဲ့ရပ်တည်မှုကို ပြောင်းလဲစေနိုင်ပါတယ်။ Comfort Zone ကနေ ခွာခြင်းဟာ ကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ကြမ်းတမ်းတဲ့ အခက်အခဲနှစ်မျိုးစလုံးကို ထိတွေ စေပါတယ်။ ပြဿနာသစ်တွေ ဖြေရှင်းရင်း သူဟာ ဘဝအတွေ့အကြုံ ရင့်ကျက် ကြွယ်ဝသူ ဉာဏ်ပညာကြီးပြီး အကျိုးအကြောင်း လျော်ညီအောင် တွေးတတ်သူ ဖြစ်လာပါတယ်။
(၃) ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာမယ်
Source : Freepik
ကိုယ့်ခြေထောက်ပေါ် ရပ်တည်ပြီး ကိုယ့်ပန်းတိုင်ဆီ သွားတဲ့သူဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ပိုပြီး ယုံကြည်လာပါတယ်။ သူကိုယ်တိုင် ရင်ဆိုင်ရတာ ဖြစ်ပြီး ဒီပြဿနာတွေအတွက် အဖြေကို ဘယ်သူ့အားကိုးနဲ့မှ ရှင်းရတာမဟုတ်လို့ကိုယ့်ဒူးကိုယ် ယုံကြည်ပြီး ကိုယ့်လမ်းကို ပိုမြင်လာပါတယ်။
(၄) လူသစ် ၊ စိတ်သစ် ၊ ပတ်ဝန်းကျင်သစ်
Source : Freepik
ချွေးမထွက်တဲ့ ဇုန်မှာ ကြာကြာနေရင် လူရဲ့ အဝန်းအဝိုင်းဟာ မြုံလာတတ်ပါတယ်။ အတွေ့အကြုံသစ်တွေ ၊ မိတ်ဆွေအသိုင်းအဝိုင်းသစ်တွေနဲ့အခွင့်အလမ်းသစ်တွေ ရဖို့စွန့်စားခန်း ထွက်သင့်ပါတယ်။ Comfort Zone ရဲ့ အဆုံးမှာ ဘဝစတင်တယ်လို့စကားရှိပါတယ်။ တကယ့်ဘဝဆိုတာ လှုပ်ရှားရုန်းကန်မှုနဲ့ပြည့်နေတဲ့ စိတ်လှုပ်ရှားစရာ ဖြစ်စဉ်တစ်ခု ဖြစ်တာကြောင့် ရေတာခိုလို့ရရုံနဲ့ဘဝကို ချောင်ထဲ ထိုးမထည့်မိဖို့လိုပါတယ်။