အာရုံစူးစိုက်မရဖြစ်ခြင်းကလည်း ဒီနေ့ခေတ် ကျွန်တော်တို့ အများစု ကြုံနေရတဲ့ ပြဿနာတွေထဲက တစ်ခု ဖြစ်ပါတယ်။ အာရုံစူးစိုက်မှု အားနည်းလာတာက များသောအားဖြင့် ကျွန်တော်တို့ လူနေထိုင်မှုပုံစံကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဘယ်လို လူနေမှုပုံစံတွေကြောင့်လဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) စမတ်ဖုန်း အသုံးများခြင်း

Photo: Freepik

စမတ်ဖုန်း နဲ့ အင်တာနက်တွေဟာ မရှိမဖြစ် လူသုံးကုန်နည်းပညာဖြစ်လာပါပြီ။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ သွားလေရာ စမတ်ဖုန်း သယ်သွားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စမတ်ဖုန်းကြောင့် ကျွန်တော်တို့ရဲ့ လူမှုပုံစံတွေ ထိခိုက်လာတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေ ၊ အွန်လိုင်းဂိမ်းတွေ ၊ ကျန်းမာရေးအချက်အလက်ပြ Apps Noti တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေမှာ အချိန်ကုန်တာ များလေလေ အာရုံစူးစိုက်ရခက်လာလေလေ ဖြစ်ပါတယ်။

(၂) သတင်းအချက်အလက်ဝန်ပိခြင်း

Photo: Freepik

ဒီနေ့ဟာ သတင်းအချက်အလက်ခေတ် Information Age ဖြစ်တာကြောင့် နေ့စဉ် ကျွန်တော်တို့ဟာ ကမ္ဘာ့နိုင်ငံအသီးသီးက လူသန်းပေါင်းများစွာရဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ မျက်မှောက်သတင်းတွေကို စားသုံးဝါးမြိုနေမိပြီ ဖြစ်ပါတယ်။ သတင်းအချက်အလက် စီးကူးမှုကို စက္ကန့်မခြား သိရှိနိုင်စေမယ့် Facebook ၊ Twitter ၊ TikTok ၊ Google စတဲ့ စတဲ့ ပလက်ဖောင်းတွေကြောင့်လည်း Information ကို လိုတာထက် ပို ရယူနေမိတတ်ပါတယ်။

(၃) တပြိုင်တည်း မျိုးစုံ လုပ်ခြင်း

Photo: Freepik

တချိန်တည်းမှာ ကိစ္စ ၃-၄ မျိုး တပြိုင်နက်တည်း လုပ်တာဟာ ဒီခေတ် မျိုးဆက်ရဲ့ ပုံမှန်လူနေမှုဘဝလို့ ဆိုနိုင်ပါတယ်။ အမြန်ပြီးဖို့ လုပ်တဲ့ ကိစ္စဖြစ်ပေမယ့် ထိရောက်မှု မရှိတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ မပြီးပြတ်သေးတဲ့ လုပ်စရာကိစ္စတွေကို တပြိုင်တည်း ပြုံလုပ်ခြင်းအားဖြင့် ရေရှည်မှာ စိတ်ဖိစီးမှုပါ တက်လာပြီး အာရုံစူးစိုက်နိုင်စွမ်းလည်း ကျသွားနိုင်ပါတယ်။ အာရုံစူးစိုက်မှု ပိုကောင်းချင်ရင် တစ်ချိန်မှာ အလုပ်တစ်ခုတည်းပဲ လုပ်ဖို့ ပစ်မှတ်ထားပါ။

(၄) ကျန်းမာရေးပြဿနာ

Photo: Freepik

တချို့တွေ အာရုံစူးစိုက်ရခက်တယ်ဆိုတာ ကျန်းမာရေးပြဿနာ ရှိကြလို့ ဖြစ်ပါတယ်။ ကျန်းမာရေး ချို့တဲ့သူဟာ စိတ်လည်း ကောင်းကောင်း စုစည်းနိုင်မှာ မဟုတ်သလို ခံစားချက်တွေလည်း ကျဆင်းနေမှာ အမှန်ပါပဲ။ ဒါကြောင့် ကျန်းမာအောင် ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ။ အရက်သေစာနဲ့ ကဖိန်းပါတာတွေ ရှောင်ကြဉ်ပါ။ ပုံမှန် အကြောလျှော့တာမျိုးကနေ လမ်းလျှောက်တာမျိုးလေးတွေလည်း လုပ်ပေးပါ။ ဒါဆိုရင် ကျန်းမာရေး ကောင်းလာပြီး အာရုံစူးစိုက်မှုလည်း ပိုပြီး ထိရောက်မှု ရှိလာနိုင်ပါတယ်။

(၅) အိပ်ရေးပျက်ခြင်း

Photo: Freepik

အိပ်ရေးပျက်ခြင်းကြောင့် စိတ်အာရုံစူးစိုက်မှု ထိခိုက်နိုင်တယ်ဆိုတာ အတော်များများ သိကြပါတယ်။ တစ်ရက်ကို ၄-၅ နာရီလောက်ပဲ အိပ်ရင် ဓါတုပစ္စည်း မညီမျှမှု ဖြစ်ပြီး စိတ်ဖိစီးမှု ၊ စိတ်ရှုပ်ထွေးမှုနဲ့ မောပန်းလွယ်မှုတွေ ဖြစ်လာပါလိမ့်မယ်။ ဦးနှောက်ဟာ ပင်ပန်းလေလေ အာရုံစူးစိုက်မှု အားနည်းလာပြီး အမှားတွေ ပိုလုပ်မိလေလေ ဖြစ်တတ်ပါတယ်။