ဘဝမှာ ကြုံတဲ့ကိစ္စအတော်များများဟာ ပျော်ရွှင်ကြည်နူးဖို့ထက် ဝမ်းနည်းနာကျင်စရာကောင်းတာက ပိုများပါတယ်။ လူတွေရဲ့ အတိတ်ဟာ ပြန်မတွေးချင်လောက်အောင် ဆိုးရွားတာက များပါတယ်။ ပြီးခဲ့တဲ့အတိတ်တွေမှာ ကိုယ့်ကို ခွင့်မလွှတ်နိုင်အောင် ရက်စက်ခဲ့တဲ့သူတွေ ရှိခဲ့မယ်။ ကိုယ်ကိုယ်တိုင်တောင် ခွင့်မလွှတ်ချင်ခဲ့တာတွေ လုပ်ခဲ့မိနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်လိုက်ပါ။ ဘာကြောင့်ဆို ခွင့်လွှတ်ခြင်းဟာ တကယ်ကို အရေးကြီးလုပ်ငန်းစဉ်တစ်ခု ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ကဲ.. ခွင့်လွှတ်တတ်ဖို့ ဘာကြောင့်လိုအပ်တာလဲ ကြည့်လိုက်ရအောင်ပါ။

Photo: Freepik
နံပါတ်တစ်အချက်အနေနဲ့ သူများကို ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ခွင့်လွှတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဖြစ်ပြီးခဲ့တဲ့ ဆိုးရွားလှတဲ့အရာတွေကို တနုံ့နုံ့ပြန်တွေးပြီး ခံစားနေတာထက် ခွင့်လွှတ်ပေးလိုက်ခြင်းအားဖြင့် ဒေါသ ၊ သံသယနဲ့ ဝန်တိုမစ္ဆရိယလှောင်ချိုင့်တွေကနေ အားလုံးကို လွတ်မြောက်အောင် လွှတ်ပေးလိုက်ပဲ ဖြစ်ပါတယ်။
ခွင့်လွှတ်တယ်ဆိုတာဟာ ကိုယ့်ဘဝကို လှောင်ပိတ်ထားတဲ့ အမှောင်နံရံတွေကို ချိုးဖျက်လိုက်တာပါပဲ။ တကယ်တော့ ကျွန်တော်တို့မှာ ခွင့်လွှတ်မလား ၊ ပြန်လက်တုန့်ပြန် လက်စားချေမလားဆိုတဲ့ လမ်းနှစ်သွယ်ရွေးစရာ ရှိပါတယ်။ ဒီလမ်းနှစ်ခုဟာ အပေါ်လမ်းနဲ့ အောက်လမ်းသဖွယ် ဆန့်ကျင်နေပါတယ်။ ကိုယ့်ကို ဘယ်လိုလမ်းကနေ ဘယ်ကို သွားမလဲဆိုတာ ရွေးချယ်ခွင့်ဟာ ကိုယ့်လမ်းထဲမှာ ရှိပါတယ်။
ကိုယ်က ရင့်ကျက်ပြည့်ဝပြီး ဘဝကို ငြိမ်းချမ်းမြင့်မြတ်တဲ့စိတ်နဲ့ ဖြတ်သန်းသွားချင်တဲ့သူလား။ ကိုယ့်ကိုယ်ကိုယ် အရစ်ကျစနစ်နဲ့ တမြေ့မြေ့ညှင်းဆဲနှိပ်စက်ပြီးပဲ ဘဝကို ပြီးဆုံးသွားစေချင်သလား။ ကိုယ့်မှာ ရွေးချယ်ခွင့်ရှိပါတယ်။ ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်သူတို့ အပြုအမူဖြစ်ပါတယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့ ဆိုပြီး စိတ်ထားတတ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂါတ်မှာ ပိုပြီးအေးချမ်းတဲ့ စိတ်သဘောထားနဲ့ ရှေ့ဆက်သွားနိုင်ပါတယ်။

Photo: Freepik
ကျန်းမာရေးအမြင်အရ ကြည့်မယ်ဆိုရင်လည်း ခွင့်လွှတ်လိုက်ခြင်းဟာ စိတ်နဲ့ကိုယ်ကို ကျန်းမာသန်စွမ်းစေနိုင်စွမ်း ရှိပါတယ်။ အဆိုးမြင်တဲ့ ခံစားချက်တွေ သိမ်းပိုက်ထားသူဟာ ဒေါသ ၊ စိတ်ဖိစီးမှု ၊ စိတ်ဓါတ်ကျခြင်းနဲ့ သေလောက်တဲ့ စိတ်အနာတွေ ခံစားရမှာပါ။ ကြာလာရင် သွေးဖိအား နဲ့ နှလုံးခုန်နှုန်းမမှန် ဖြစ်လာသလို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာချင်ရင် ခွင့်လွှတ်လိုက်ပါ။
နောက်ဆုံးတစ်ချက်အနေနဲ့ ခွင့်လွှတ်ခြင်းဟာ ကိုယ့်ရဲ့ စိတ်ဝိညာဉ် ပိုစွမ်းအားကြီးစေနိုင်ပါတယ်။ ခွင့်လွှတ်ခြင်းဟာ ဂရုဏာစိတ် ပိုထက်သန်လာစေနိုင်ပါတယ်။ လူတွေနဲ့ ဆက်ဆံရာမှာ ပိုပြီး ချစ်ခင်လေးစားမှု ရပြီး လူမှုဆက်ဆံရေးပိုအဆင်ပြေလာပါမယ်။ နေ့စဉ်ဘဝမှာ ခွင့်လွှတ်အမှု ပြုခြင်းအားဖြင့် ငြိမ်းချမ်းခြင်းကို ကိုယ်တိုင်တွေ့ကြုံလာမှာ အသေချာပါပဲ။
