အောင်မြင်မှု လိုချင်ရင် အရင်ဆုံး ကိုယ့်မှာ အိပ်မက်တစ်ခု ရှိဖို့ လိုပါတယ်။ အဲ့ဒီအိပ်မက်ဟာ အောင်မြင်ရေးလမ်းကြောင်းပေါ် ကိုယ့်ကိုယ်ကို မောင်းနှင်ရာမှာ အရှေ့ကနေ အမြဲဆွဲခေါ်နိုင်အောင် စွမ်းအားကြီးဖို့ လိုပါတယ်။ ရေသိပ်ဆာလောင်နေသူတစ်ယောက် သူ့မျက်လုံးထဲမှာ ရေသန့်ဗူးတစ်ဗူးကို မြင်နေသလိုမျိုး ထက်ထက်သန်သန် မြင်နေဖို့ လိုအပ်ပါတယ်။

အိပ်မက်တွေမရှိတော့ရင် အောင်မြင်မှုလမ်းကြောင်းတွေ ကွယ်ပျောက်သွားတော့မှာပါ။ လူအနည်းစုကပဲ သူတို့ရဲ့ အိပ်မက်ကို အဆုံးတိုင်အကောင်အထည်ဖော်သွားခဲ့ကြပြီး လူအများစုကတော့ အခုပြောမယ့် အကြောင်းရင်းတွေကြောင့် သူတို့ရဲ့ အိပ်မက်တွေကို စွန့်လွှတ်ခဲ့ကြပါတယ်။

(၁) ဖြစ်နိုင်မယ်လို့ မယုံကြည်တော့လို့

Photo: Unsplash

ဒီအချက်က သိသာပါတယ်။ အိပ်မက်တွေ စမက်ချိန်က ပေါက်ကွဲအားပြင်းပြင်းနဲ့ ခရီးနှင်တော့မယ့် ကားတစ်စင်းလို လီဗာသံပေးခဲ့တဲ့ အိပ်မက်တွေဟာ အခက်အခဲ ၊ အတားအဆီးတွေနဲ့ ကြုံတွေ့ရချိန်မှာ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ သံသယနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ တစ်နေ့ထက် တစ်နေ့ တိုက်စားဝါးမြိုခံလာရပါတယ်။ ဒီလိုနဲ့ အိပ်မက်တွေ လက်လွှတ်ရလိုက်ရတတ်ပါတယ်။

(၂) ထပ်တလဲလဲ ရုန်းထရတာ စိတ်ကုန်လာလို့

Photo: Freepik

ကိုယ်လိုချင်တဲ့ ဘဝတစ်ခုကို ရဖို့အတွက် စွန့်လွှတ်ကြိုးစားရတာတွေ ရှိပါတယ်။ ခက်ခဲလှတဲ့ Game Level တစ်ခုကို ကျော်ဖြတ်သလိုမျိုး တစ်ဆင့်ပိုမြင့်လာဖို့ ထပ်ခါထပ်ခါ ပိုကြိုးစားရမှာပါ။ လူအတော်များများဟာ ထပ်တလဲလဲ ကြိုးစားရမယ့်အလုပ်တွေအပေါ် ငြီးငွေ့စိတ်ပျက်ကြပါတယ်။ တစ်ချို့သူတွေ သူတို့ ရည်မှန်းရာလမ်းကို ဆက်မလျှောက်တော့တာဟာ အဲ့ဒီလို လိုချင်တာတစ်ခုအတွက် ထပ်တလဲလဲ ကျရှုံးမှုကနေ ပြန်ရုန်းထတာကို စိတ်ကုန်သွားလို့ ဖြစ်တတ်ပါတယ်။

(၃) လုပ်သမျှ အရာမထင်လို့

Photo: Unsplash

တစ်ခါတစ်လေမှာ တစ်ချို့အရာတွေရဲ့ ရလဒ်ကို ပြန်မြင်ရဖို့ အချိန်တွေ ကြာလွန်းလှပါတယ်။ အောင်မြင်မှု ကြီးကြီးမားမားကို မျှော်လင့်ရင်ခုန်သူဆို ပိုပြီး ဝေးကွာလှတဲ့ ကာလတစ်ခုအထိ ကိုယ့်ရဲ့ ဝီရိယနဲ့ ဇွဲကို နှစ်မြှပ်ထားဖို့ လိုပါတယ်။ ကိုယ်ထင်သလို ဖြစ်မလာတဲ့ အရာတွေ ရှိမယ်ဆိုတာ ကြိုပြီး နားလည်ထားဖို့ လိုပါတယ်။ လုပ်သမျှ ခရီးမရောက်သေးရင်လည်း ကိုယ့်အိပ်မက်ကို ပြန်သုံးသပ်ပြီး အစီအစဉ်ပြင်ပြီး ရှေ့ဆက်လျှောက်ဖို့ အကြံပြုချင်ပါတယ်။

(၄) သူများတွေရဲ့ စကားကို အလွယ်တကူ နားယောင်လို့

Photo: Unsplash

အိပ်မက်တွေကို စွန့်လွှတ်ထားခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ ကိုယ့်ပန်းတိုင်ဆီ သွားတဲ့လမ်းမှာ ဝေဝါးသွားလို့ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေမှာ ပြင်ပအကြောင်းတရားတွေကြောင့်လည်း အိပ်မက်တွေ ဆက်ပြီး အကောင်အထည်မဖော်ဖြစ်တာမျိုး ရှိနိုင်ပါတယ်။ ဒီထဲမှာ အပြင်လူတွေရဲ့ အဖျက်စကားကို နားဝင်သွားတာမျိုးလည်း ရှိတတ်ပါတယ်။

(၅) ခက်ခဲလွန်းလို့

Photo: Freepik

တစ်ချို့ အိပ်မက်တွေက ဈေးကြီးပါတယ်။ သူတို့ကို လိုချင်ရင် အများကြီး ပေးဆပ်ထားရပါတယ်။ အများကြီးလည်း အားထုတ်ရပါတယ်။ အချိန်တွေ ၊ အနစ်နာခံမှုတွေနဲ့ တည်ဆောက်ရတာပါ။ ဒီလိုမှ မလုပ်နိုင်ရင် အဲဒီအိပ်မက်တွေ တကယ်ဖြစ်လာဖို့ ခက်တတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်မက်တဲ့ အိပ်မက်အတွက် ခံနိုင်ရည် ၊ သတ္တိနဲ့ ဉာဏ်ပညာမရှိရင် အိပ်မက်တွေဟာ အိပ်မက်တွေအဖြစ်ပဲ ကျန်နေတတ်ပါတယ်။
ဒါကြောင့် တတ်နိုင်သမျှ လက်တွေ့ကျတဲ့ အိပ်မက်ကို မက်ပါ။ ကိုယ်တကယ် ယုံကြည်တဲ့နောက်ပဲ လိုက်ပါ။ လိုအပ်တဲ့ အရည်အချင်းတွေ ကိုယ့်မှာ ဖြည့်တင်းထားပါ။ အခက်အခဲတွေ ကြုံလာရင် စိတ်မပျက်ဘဲ အစီအစဉ်သစ်တွေနဲ့ အိပ်မက်တွေကို ယုံယုံကြည်ကြည်အကောင်အထည် ဖော်ပါလို့ အကြံပြုလိုက်ပါတယ်။