“တောင်တစ်လုံးကို ရွှေ့ချင်သူဟာ ကျောက်တုံးလေးတွေ သယ်သွားခြင်းက အစပြုရပေလိမ့်”။ ဒါဟာ ကွန်ဖြူးစီးယပ်စ်ရဲ့ ကျော်ကြားလှတဲ့ အဆိုအမိန့်တွေထဲက တစ်ခုပါပဲ။ အကြီးကြီး ဖြစ်ချင်တဲ့သူဟာ သေးသေးလေးက စဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) သိပ်အားမစိုက်ရ / အချိန်မပေးရလို့ပါ

Photo: Freepik
စာမျက်နှာ ၃၀၀ ပါ စာအုပ်တစ်အုပ်ရေးဖို့နဲ့ တစ်နေ့ စာလုံးရေ ၁၀၀၀ ပဲ ရေးဖို့ ဘယ်ဟာက ပိုလွယ်သလဲဆိုရင် သိပ်ရှင်းပါတယ်။ ဘယ်အရာမဆို ကိုယ်နိုင်တဲ့ သေးသေးမွှားမွှားလုပ်ရပ်လေးတွေက စလုပ်သွားရင် အလုပ်လည်းလုပ်ချင်စိတ်ရှိမယ်။ အလုပ်လုပ်ရတာလည်း ပိုလွယ်မှာပါပဲ။ အောင်မြင်မှုသေးသေးလေးတွေဟာ ကြီးကျယ်တဲ့အောင်မြင်မှုတွေဆီ သွားဖို့ အရေးကြီးတဲ့ လှေကားထစ်တွေ ဖြစ်ပါတယ်။ နည်းနည်းချင်းစီ တိုးတက်သွားရင် ရေရှည်အောင်မြင်မှုကြီးကြီးမားမား ရနိုင်ဖို့ ပိုနီးစပ်ပါတယ်။
(၂) ထူးပြီး ပင်ပန်းမသွားဘူး

Photo: Freepik
တစ်နေ့တစ်နေ့ သေးသေးလေးက စပြီး တစ်ဆင့်ချင်း အောင်မြင်အောင် လုပ်ဆောင်သွားတာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်ထက် ထူးခြားပြီး ပင်ပန်းခက်ခဲမသွားအောင် အကူအညီပေးပါတယ်။ သေးသေးလေးက စရတဲ့ အဓိကအကြောင်းရင်းတစ်ခုက လုပ်စရာတွေ ပုံကျပ်မသွားအောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ စိတ်ပညာသဘောအရ ပရောဂျက်ကြီးတစ်ခုလုံးကို ကြည့်ရင် သေအောင် လုပ်ရတော့မှာပဲလို့ မြင်တတ်ကြပါတယ်. ဒါပေမယ့် ပရောဂျက်ကို သူ့အပိုင်းလိုက်စီ လုပ်ရလွယ်တဲ့အဆင့်ကို ခွဲချပြရင် တစ်ကြိမ်မှာ တစ်ခုလုပ်ရမှာ ဖြစ်လို့ လုပ်ရတာ အားလည်းပါသလို အာရုံစိုက်ရတာလည်း ပိုပြီး ချိန်သားကိုက်လာမှာပါ။
(၃) ယုံကြည်မှုနဲ့ စိတ်ခွန်အား တက်လာစေတယ်

Photo: Freepik
Start Small ရဲ့ အားသာချက်က ယုံကြည်ချက်တည်ဆောက်ရာမှာ အားကြီးတဲ့ အထောက်အပံ့ဖြစ်စေခြင်းပဲ ဖြစ်ပါတယ်။ သေးသေးလေးတွေက စလုပ်တော့ အရှုံးနည်းပြီး အောင်မြင်မှု ပိုတွေ့ရပါတယ်။ အောင်မြင်မှုရလေလေ စိတ်ဓါတ်အင်အား ရှိလေလေပဲ ဖြစ်ပါတယ်။
(၄) အပြောင်းအလဲလုပ်ဖို့ လွယ်တယ်

Photo: Freepik
ဝန်သိပ်မပိဘဲ အပိုင်းလိုက်လုပ်သွားတာဟာ အပြောင်းအလဲတွေနဲ့ ကြုံချိန်မှာ ပြောင်းလွယ်ပြင်လွယ်ရှိလို့ ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ တရုတ်စကားပုံတစ်ခု ရှိပါတယ်။ “ဖြည်းဖြည်းသွားရမှာ မကြောက်ပါနဲ့။ ငူငူကြီး ရပ်နေရမှာပဲ ကြောက်ပါ”တဲ့။ အပြောင်းအလဲတွေကို ခုသာခံသာ ရှိဖို့ သေးသေးလေးတွေ ပိုင်းလုပ်သွားပါ။ အိပ်မက်ကြီးကြီးမက်ပါ။ ဒါပေမဲ့ သေးသေးလေးက စပါ။ စွဲမြဲမှုရှိရင် အောင်မြင်မှုခရီးဆုံးကို တစ်နေ့ ဆိုက်ရောက်မှာ အမှန်ပါပဲ။
