အောင်မြင်မှုရဲ့ သဘောသဘာဝကိုက လွယ်ကူရိုးထုံးစံမရှိပါဘူး။ ကိစ္စတစ်ခုမှာ အောင်မြင်မှုရလဒ်ထွက်ဖို့ အခက်အခဲအတားအဆီးတွေများစွာ ကြုံတွေ့ရနိုင်သလို သင်ပြုမူလုပ်ဆောင်တဲ့အရာတချို့ကလည်း အောင်မြင်မှုနဲ့ ဝေးကွာသွားစေနိုင်တယ်ဆိုတာကို သတိချပ်ဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘဝမှာ အောင်မြင်မှုရရှိချင်တယ်ဆိုရင် သေချာပေါက်ကျော်ဖြတ်ရမယ့် အောင်မြင်မှုလမ်းကြောင်းပေါ်က အဟန့်အတားတွေအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) ဆုံးဖြတ်ချက်မပြတ်သားတာ


Photo : Freepik

အောင်မြင်မှုအတွက် အကြီးမားဆုံး အဟန့်အတားတစ်ခုက ဆုံးဖြတ်ချက်မပြတ်သားတာပါပဲ။ ဘယ်အရာမဆို ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားမရှိရင် ကိုယ်လုပ်နေတဲ့ အရာအပေါ်  အာရုံအပြည့်အဝစိုက်နိုင်ဖို့ ခက်ခဲမှာဖြစ်သလို သံသယစိတ်တွေဝင်လာနိုင်ပြီး လိုသလောက်ခရီးမရောက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဆို အောင်မြင်မှုဆိုတဲ့ရလဒ်ကလည်း အလှမ်းဝေးနေအုန်းမှာပါ။

(၂) တစိုက်မတ်မတ်မရှိတာ

Photo : Freepik

ကိစ္စတစ်ခုကို အောင်မြင်အောင်လုပ်နိုင်ဖို့ဆိုရင် ဇွဲရှိရှိနဲ့ တစိုက်မတ်မတ် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ကောက်ရိုးမီးလို စိတ်ပါတုန်းထလုပ်လိုက် ရပ်ထားလိုက် လုပ်လို့မရပါဘူး။ တစိုက်မတ်မတ် လုပ်ဆောင်သွားမှသာ အောင်မြင်မှုဆိုတဲ့ ရလဒ်က အနှေးနဲ့ အမြန် သင့်ထံရောက်လာမှာဖြစ်ပါတယ်။

(၃) ယုံကြည်မှုအားနည်းတာ

Photo : Freepik

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း/မရှိခြင်းပေါ်မူတည်ပြီး အောင်မြင်မှုရလဒ်ကလည်း အများကြီး ကွာဟသွားနိုင်ပါတယ်။ ငါလုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးဟာ သင်ရှေ့ဆက် လုပ်ရမယ့်အရာတွေအားလုံးကို တွန့်ဆုတ်သွားစေပါတယ်။ ဘဝမှာ အမှန်တကယ်အောင်မြင်မှုရယူချင်တယ်ဆိုရင် သင်ကိုယ်သင်အပြည့်အဝ ယုံကြည်ထားဖို့လိုပြီး သင့်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းအပေါ် ယုံကြည်ချက်ထားဖို့ အကြံပြုချင်ပါတယ်။

(၄) လွယ်လွယ်လက်လျော့တာ

Photo : Freepik

အခက်အခဲတစ်ခုကြုံလာတိုင်းမှာ စိတ်ပျက်အားလျော့နေသ၍တော့ သင်သွားချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ ကြန့်ကြာနေအုန်းမှာဖြစ်ပါတယ်။ တကယ်တော့ အခက်အခဲအတားအဆီးတွေ ၊ ကျရှုံးမှုတွေကို တနည်းအားဖြင့် ကျွန်တော်တို့ကို သန်မာလာအောင် လေ့ကျင့်ပေးနေတဲ့အရာတွေပါ။ အခက်အခဲကြုံတိုင်း လွယ်လွယ်လက်မလျော့ပဲ ကြံ့ကြံ့ခိုင်ကျော်လွှားသူတွေသာ အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ဆီအရောက်လှမ်းနိုင်ကြတာဖြစ်ပါတယ်။

Featured Photo : One Million Ideas