သင့်အလုပ်က ပျင်းစရာကောင်းနေတယ်လို့ ထင်ပါသလား။ အမေရိကန်မှာ ရှိတဲ့ ဝန်ထမ်း ၇၀% နီးပါးဟာ အလုပ်မှာ မပျော်ရွှင်ကြဘူးလို့ ဆိုပါတယ်။ တကယ်လို့ သင်လည်း အလုပ်မှာ မပျော်မရွှင်ဖြစ်နေတယ် ၊ ရုံးရောက်တိုင်း ပျင်းနေရတယ်ဆိုရင် အရင်ဆုံး ဘာကြောင့်လဲဆိုတာကို သိအောင်လုပ်ဖို့ လိုမှာပါ။

(၁) ထပ်ချည်းတလဲလဲ လုပ်ရတဲ့ အလုပ်တွေ လုပ်နေမိလို့

Photo: Freepik

အလုပ်အတော်များများဟာ ဒါပြီးရင်းဒါလုပ်နဲ့ ပျင်းစရာကောင်းလောက်တဲ့ ဘောင်ကျဉ်းကျဉ်းလေးထဲမှာပဲ ဖြတ်သန်းနေရတာပါ။ ဒီလိုအလုပ်တွေဟာ ဖန်တီးမှုမပါသလို ကိုယ့်ရဲ့ ဉာဏစွမ်းအားကို ထုတ်သုံးစရာ မရှိပါဘူး။ ဒါကြောင့်ပဲ အလွယ်တကူငြီးငွေ့ပျင်းရိဖို့ ဖြစ်လာတတ်ပါတယ်။

(၂) အချိန်တွေ လာဖြုန်းနေရသလိုဖြစ်နေလို့

Photo: Freepik

ကိုယ့်အလုပ်က အရေးမပါတဲ့ အစည်းအဝေးတွေပဲ များနေပြီး ထိရောက်တဲ့ လုပ်ရပ်တွေ ပြသခွင်မရဘူးဆိုရင်လည်း ပျင်းသွားမှာပါ။ လူ့သဘောဟာ ပင်ပန်းချင် ပင်ပန်းပါစေ။ ကိုယ့်အလုပ်ရဲ့ ရလဒ်လေးတွေကို ကောင်းကောင်းကန်းကန်း မြင်ချင်ကြတာပါ။ ကိုယ့်ရဲ့ လုပ်အားဟာ အမြဲဂုဏ်ယူစရာဖြစ်တဲ့ အလုပ်မျိုး လုပ်နေသူတွေဟာ လုပ်ခလစာနည်းရင်တောင် အလုပ်မှာ ပီတပြန်ရကြပါတယ်။

(၃) အလုပ်မှာ ချောင်ထိုးခံရလို့

Photo: Freepik

ဒါမျိုးလည်း ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ အလုပ်မှာ ကိုယ်က အရေးမပါတဲ့ သူတစ်ယောက်လို ၊ တစ္ဆေတစ်ကောင်လို နေထိုင်ရတယ်ဆိုရင်လည်း ဘယ်သူက ပျော်တော့မှာလဲ။ ကိုယ့်ကို ပေးတဲ့ အလုပ်တာဝန်တွေက ရှက်စရာကောင်းလောက်အောင် နိမ့်ပါးတဲ့ အလုပ်တွေ ဖြစ်နေမယ်ဆိုရင်တော့ ပိုလို့တောင် အခြေအနေဆိုးသွားပါလိမ့်မယ်။

(၄) ကိုယ့်အရည်အချင်းတွေ နေရာလွဲပြီး သုံးနေလို့

Photo: Freepik

လူတိုင်းမှာ မတူတဲ့ အရည်အချင်းတွေ ရှိပါတယ်။ ဒီအရည်အချင်းတွေကို နေရာမှန် သုံးတတ်တဲ့ အထက်လူကြီးလက်အောက်မှာ နေရတဲ့သူတွေဟာ အမြင့်ကို ရောက်ပြီး ကိုယ့်အစွမ်းအစကို အကောင်းဆုံးပြသခွင့်ရမှာပါ။ ဒီလိုမဟုတ်ဘဲ ကိုယ်နဲ့မဆိုင်တဲ့ အလုပ်တွေ လုပ်နေရသူဟာ အလုပ်မှာ အမှားများသလို ကြာရင် စိတ်ပါကုန်သွားနိုင်ပါတယ်။