အတွေးလွန်ခြင်းဟာ ဘယ်လောက်ကြောက်ဖို့ ကောင်းပါသလဲ။ Overthinking လုပ်မိသူတွေအတွက် အတွေးလွန်တဲ့ အကျင့်ကို ဖျောက်ဖျက်ပစ်သင့်တဲ့ အကြောင်းရင်းတစ်ချို့ ရှိပါတယ်။ ဦးနောက်ကို အနားမပေးစတမ်း စုံစီနဖာတွေးတဲ့ ညတွေဟာ စိတ္တဇညတွေပါ။ ကမ္ဘာပေါ်မှာ ဆက်တိုက်အတွေးလွန်တဲ့ ပြဿနာကြောင့် ညည်အိပ်မပျော်တဲ့ သူတွေ သန်းပေါင်းများစွာ ရှိနေပါတယ်။ အလွန်အကျွံတွေးတောမိန်းမောနေမှုဟာ အိပ်စက်ဖို့ ခက်ရုံတင်မကဘဲ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပါ ကြုံလာနိုင်ပါတယ်။

man overthinking

Photo : Entrepreneur

အတွေးနွံထဲ ကျွံသွားတာ ကြာလေလေ လူဟာ ပိုပြီး သွေးလန့်လာလေလေပါပဲ။ အနာဂါတ်ဟာ ဘယ်တော့မှ သေချာတာ မဟုတ်ပါဘူး။ အနာဂါတ်အကြောင်း အဖြေမရဘဲ ဝဲလှည်လှည့်ပြီး အတွေးနဲ့ ပိတ်လှောင်သူအတွက် ခိုကိုးစရာ မရှိတဲ့ ခံစားချက်ပဲ ရမှာပါ။ အတွေးလွန်ခြင်းဟာ သောကနဲ့ ကြောက်စိတ်ကို ဖိတ်ခေါ်ရာ ရောက်ပါတယ်။

အတွေးလွန်ခြင်းကြောင့် ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား ။ ခေါင်းကိုက်ကြောင်း ပြတဲ့ လက္ခဏာဟာ အနားယူဖို့ လိုနေပြီလို့ အချက်ပြနေတာပါ။ ဦးနောက်က ပင်ပန်းနွမ်းနယ်နေပြီး ဝန်ထုပ်ဝန်ပိုး ထမ်းထားရသလို ဖြစ်နေတာပါ။ ဆက်တိုက် တွေးနေမိခြင်းဟာ စိတ်ကျန်းမာရေးအတွက် အနုတ်လက္ခဏာ ဖြစ်ပြီး မကောင်းတဲ့ အတွေးတွေ ပိုတွေးမိစေနိုင်ပါတယ်။

man overthinking

Photo : OnePercentBetter

အတွေးဟာ လူကို ထိန်းချုပ်ပါတယ်။ အတွေးလွန်ကဲမှုကြောင့် ကြွက်သားနဲ့ အရိုးအဆစ်တွေ သိသိသာသာ နာကျင်လာပါလိမ့်မယ်။ စိတ်ခံစားချက်ကြောင့် ရုပ်ပိုင်း အပြောင်းအလဲ ထိခိုက်နာကျင်မှုတွေ ကြုံလာပြီဆိုရင် သင့်အတွေးကို စောင့်ကြည့် ရပ်တန့်ဖို့ ကြိုးစားသင့်ပါတယ်။ အကောင်းဆုံးက နေ့တိုင်းအကြောလျှော့ပါ။ ပုံမှန်လေ့ကျင့်ခန်း လုပ်နေပါ။

အလုပ်ကြမ်းတွေ မလုပ်ရဘဲနဲ့ ပင်ပန်းနွမ်းနယ်မှုက ပုံမှန်လို ဖြစ်လာပြီဆိုရင် သတိထားပါ။ ဒါဟာ ဟန်ချက်မမျှ ဖြစ်လာကြောင်း အချက်ပြနေတာ ဖြစ်ပါတယ်။ ပင်ပန်းမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အိပ်ရေးပျက်တာကနေ အာဟာရချို့တဲ့တာအထိ ပြောစရာတွေ ရှိပေမယ့် ကိုယ့်စိတ်ကိုယ် ပြန်စောင့်ကြည့်လို့ အတွေးလွန်တာကြောင့် ဖြစ်နေတာဆိုရင် Overthinking အကျင့်ကို နှုတ်ဆက်ဖို့ မမေ့ပါနဲ့။

Featured Photo : Step Up For Mental Health