ငါးတွေမှာခန္ဓာကိုယ်အတွက် အင်မတန်အကျိုးပြုတဲ့ အဟာရဓာတ်များစွာပါဝင်နေပြီး လူတိုင်းလူတိုင်းမဖြစ်မနေ စားသုံးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာတော့ ငါးစားခြင်းဖြင့် ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ကျရောဂါကို ကာကွယ်ပေးတယ်

Source : eatthis.com

လေ့လာတွေ့ရှိချက်များအရ ပုံမှန်ငါးစားသုံးသူတွေဟာ သာမာန်လူတွေထက် စိတ်ကျရောဂါဖြစ်နိုင်ချေနည်းပါးတယ်လို့ သိရပါတယ်။ ငါးမှာ အဓိကပါဝင်တဲ့ Omega-3 ဟာ စိတ်ဓာတ်ကျခြင်း ၊ စိတ်မပျော်ရွှင်ဖြစ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ အလုပ်ခွင်မှာ စိတ်ဖိစီးမှုများတဲ့ ဝန်ထမ်းတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်ပတ်မှာ အနည်းဆုံး (၂) ရက်ခန့် ငါးဟင်းတစ်ခွက်မပါမဖြစ် စားသုံးပေးသင့်ပါတယ်နော်။

(၂) နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်

Source : riversidemedicalclinic.com

ငါးမှာပါဝင်တဲ့ Omega 3 Fatty Acid ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး နှလုံးကျန်းမာရေးကိုလည်း အထောက်အပံ့ကောင်းတွေ ပေးစွမ်းသလို သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ ငါး လုံးဝမစားတဲ့ စာရေးသူတို့လို လူတွေဟာ ငါးပုံမှန်စားသုံးသူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ ငါးမှာပါတဲ့ Omega 3 Fatty Acid ဟာ နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးကာ နှလုံးကျန်းမာရေးကို ထူးခြားကောင်းမွန်စေတဲ့အတွက် လူတိုင်းစားသုံးပေးသင့် အစားအစားတစ်မျိုးဖြစ်ပါတယ်။

(၃) မျက်စိ အားကောင်းစေတယ်

Source : Open Blue Cobia

မျက်စိမှုန်ခြင်း မျက်စိအားနည်းခြင်းစသည်ဖြင့် အမြင်အာရုံအားနည်းနေသူတွေအနေနဲ့ Omega 3 Fatty Acid ဓာတ် လုံလုံလောက်လောက် စားသုံးပေးဖို့လိုပါတယ်။ ငါးမှာပါဝင်တဲ့ Omega 3 Fatty Acid ဟာ အမြင်အာရုံ ထူးခြားကောင်းမွန်စေရုံသာမက အဓိကအားဖြင့် သက်ကြီးပိုင်းတွေမှာ အဖြစ် များတဲ့ Macular Degeneration လို့ခေါ်တဲ့ စက္ခုအလင်းဆုံးရှုံးခြင်းပြဿနာကိုလည်း ကာကွယ်ပေးပါတယ်။ မျက်စိအားနည်းလို့ မျက်မှန်တပ်နေရသူတွေနဲ့ သက်ကြီးပိုင်းလူတွေကတော့ မဖြစ်မနေ ငါးစားသုံးဖို့ လိုအပ်ပါတယ်။

(၄) ကောင်းစွာ အိပ်စက်စေတယ်

Source : Jamie Oliver

နည်းပညာအသစ်အဆန်းတွေ တိုးတက်ပြောင်းလဲလာတာနဲ့ အမျှ လူတွေရဲ့ အိပ်စက်ချိန်တွေဟာလည်း လျော့နည်းလာပါတယ်။ အိပ်စက်ခြင်းနဲ့ ခန္ဓာကိုယ်ကျန်းမာရေးဟာ အများကြီးဆက်စပ်မှုရှိနေတာကြောင့် နေ့စဉ်ပုံမှန်ပြည့်ပြည့်ဝဝအိပ်စက်မှသာ လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။ ငါးမှာပါဝင်တဲ့ Omega-3 ဟာ ညဘက်အိပ်စက်မှုကို ကောင်းစွာအထောက်အကူဖြစ်စေပြီး ကာလကြာရှည်ကောင်းစွာ အိပ်မပျော်ခြင်းဝေဒနာတွေကိုလည်း ပျောက်ကင်းစေမှာဖြစ်ပါတယ်။

ဒါကြောင့် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်သူတွေအနေနဲ့ ကြက်သား ၊ ဝက်သားတွေအပြင် ငါးကိုလည်း တတ်နိုင်သလောက် စားသုံးပေးဖို့ အကြံပြုချင်ပါတယ်။