လမ်းသွားနေတုန်းမှာ ဗိုက်အောင့်ဗိုက်နာတဲ့ အခြေအနေမျိုးကို လူတော်တော်များများကြုံဖူးကြမှာပါ။ အပေါ့အလေးသွားချင်တာမျိုးမဟုတ်ဘဲနဲ့ ဗိုက်ထဲကနာတာ ပူသလိုခံစားနေရပြီဆိုရင် တစ်ခုခု မှားယွင်းနေလို့ပါပဲ။ ဒီနေ့ဆောင်းပါးမှာ ဗိုက်အောင့်စေတဲ့ အဓိကအကြောင်းအရင်းတွေကို ပြောပြပေးသွားမှာပါ။

အစားအလွန်အကျွံစားခြင်း

Source :Atinka FM

အစားအလွန်အကျွံစားတာ (သို့) အဆက်မပြတ်စားနေတာက အစာခြေစနစ်ကို ဝန်ပိစေပါတယ်။ အစာအိမ်ထဲမှာ ရှိသင့်တဲ့ပမာဏထက်ပိုပြီး စားမိပါက အစာအိမ်ကို ဖိအားတွေပေးမိသလိုဖြစ်စေပြီး အက်စစ်နဲ့အစားအစာတွေက ဗိုက်ကိုဒုက္ခပေးပါတော့တယ်။

အစာစားတာနောက်ကျခြင်း

Source: MyFitnessPal Blog

ခန္ဓာကိုယ်မှာ ဇီဝနာရီရှိသလို အစာအိမ်မှာလည်း ဇီဝနာရီရှိပါတယ်။ ဇီဝနာရီက ပုံမှန်အစာစားချိန်တွေကို မှတ်သားထားပြီး အစာစားချိန်ရောက်ရင် ဦးနှောက်ကို လှမ်းသတိပေးတတ်ပါတယ်။ အစာစားချိန် ကျော်လွန်တဲ့ထိ အစာမစားဘူးဆိုရင် အစာအိမ်က ဆန္ဒပြတဲ့သဘောနဲ့ ဗိုက်အောင့်တတ်ပါတယ်။

နောက်ပြီး အစာစားချိန်ကျော်လွန်ပြီးမှ အစာစားမယ်ဆိုရင်လည်း ဗိုက်အောင့်စေနိုင်ပါသေးတယ်။ ဒါကို ဖြေရှင်းဖို့အတွက်ကတော့ ညစာစားပြီးရင် အစာခြေခြင်းကို ထောက်ကူပေးနိုင်တဲ့ သွေးလှည့်ပတ်မှုတွေ အားကောင်းစေဖို့ လမ်းတစ်ပတ်လျှောက်ပေးပါ။ နောက်ပြီး နောက်ကျမှ ညစာ (သို့) နေ့လည်စာ စားရမယ်ဆိုရင်လည်း အစပ်များတဲ့ အစားအစာ၊ အချိုများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပေးပါ။

ဝမ်းချုပ်ခြင်း

Source: Cary Endoscopy Center

တချို့လူတွေက သူတို့ဝမ်းချုပ်နေလို့ ဝမ်းချုပ်နေမှန်းတောင် မသိကြပါဘူး။ တစ်နေကုန်လို့ အိမ်သာတစ်ခေါက်သွားဖြစ်လား/ မသွားဖြစ်လားဆိုတာကိုတောင် သတိမထားမိတတ်သူတွေများပါတယ်။ ကောက်ညှင်းပါတဲ့ အစားအစားတွေအများကြီးစားမိတာတို့၊ လက်ဖက်ရည်၊ လက်ဖက်သုပ်အလွန်အကျွံစားမိတာတို့က ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ပါ ပါတယ်။

ဝမ်းချုပ်နေမယ်ဆိုရင် ဗိုက်လည်း အောင့်တတ်ပါတယ်။ ဝမ်းချုပ်ဝေဒနာသက်သာစေဖို့ကတော့ အမျှင်ဓာတ်ပါတဲ့ ဟင်းဟီးဟင်းရွက်၊ အသီးအနှံတွေ များများစားပေးတာတို့၊ ရေများများသောက်တာတို့ လုပ်ပေးသင့်ပါတယ်။

နှလုံးအားနည်းခြင်း

Source: Ahmedabad Mirror

နှလုံးအားနည်းနေမယ်ဆိုရင်လည်း ရင်ဘတ်အောင့်တဲ့လက္ခဏာကိုသာမက ဝမ်းဗိုက်အောင့်တဲ့လက္ခဏာတွေကိုလည်း ပြသလာမှာပါ။ နှလုံးအားနည်းခြင်းရဲ့လက္ခဏာထဲမှာ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အသက်ရှူမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့်အထက်ဖော်ပြပါ လက္ခဏာတွေ တွေ့ရှိရပြီဆိုရင်တော့ နှလုံးအားနည်းနေပြီလို့ ယူဆပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။