လူတိုင်းဟာ ပိုကောင်းတဲ့ အရာကို တောင့်တကြမှာပါ။ ဒါပေမယ့် ပိုကြီးတဲ့ အိပ်မက် မက်ဖို့ ရဲရင့်သူကတော့ နည်းနိုင်ပါတယ်။ အိပ်မက်ကြီးကြီး မက်တယ်ဆိုတာ မတန်မရာ လုပ်နေတာ မဟုတ်ပါဘူး။ ဘဝမှာ နိုးကြားထက်သန်တဲ့ အမြင်နဲ့ ရှေ့ဆက်နေတာ ဖြစ်ပါတယ်။ ဘာကြောင့် အိပ်မက်ကြီးကြီး (Dream Big) ရှိသင့်သလဲလို့ မေးလာရင် ဒီအချက်တွေကြောင့်လို့ ဖြေချင်ပါတယ်။

(၁) နောင်တမရှိချင်လို့

Photo:Freepik

လူအများစုအတွက် တစ်ချိန်မှာ နောင်တရတဲ့ ကိစ္စတွေထဲမှာ တစ်ချိန်က အခွင့်အရေးရှိပါလျက်နဲ့ မလုပ်ဖြစ်ခဲ့တဲ့ အရာတွေ ဖြစ်နေတတ်ပါတယ်။ ဦးနှောက်ဉာဏ်ထက်သန်တုန်း ပညာမသင်ခဲ့တာ ၊ အချိန်ရှိတုန်း ခရီးတွေ မသွားခဲ့တာ ၊ စွန့်စားခွင့် ကြုံပါလျက်နဲ့ လက်တွန့်ခဲ့တာ ၊ အိပ်မက်ကြီးကြီး မက်ခဲ့ပြီး တကယ် မလုပ်ဖြစ်တာတွေဟာ တစ်ချိန်မှာ ကိုယ့်ကို ပြန်ခြောက်လှန့်မယ့် အရိပ်ဆိုးတွေ ဖြစ်နေတတ်ပါတယ်။

(၂) ဘာမဟုတ်တဲ့ ဘဝလေးနဲ့ မပြီးချင်လို့

Photo: Pixabay

ဘဝမှာ ရေစုံမျောပြီး သက်သာရာပဲ နေတော့မယ်လို့ တွေးထားသူဟာ အိပ်မက်ကြီးကြီး မက်ထားတယ်ဆိုတဲ့ သူနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အိပ်မက်တွေနောက် လိုက်တဲ့သူဟာ ဆန်းသစ်တီထွင်မှု ရှိတယ်။ တိုးတက်လှုပ်ရှားနေတယ်။ သူ့အကြောင်းဟာ နောက်ပိုင်းမှာ လူတွေ ကိုးကားပြောစရာ Story တစ်ခု ဖြစ်လာပါလိမ့်မယ်။ အိပ်မက်ကြီးကြီး မမက်ခဲ့ရင်သာ အံ့ဖွယ်အရာတွေ ဒီကမ္ဘာမှာ ရှိခဲ့တယ်ဆိုတာ သင်မကြုံမိမှာ ဖြစ်ပါတယ်။

(၃) ကိုယ်ပိုင်သမိုင်းတစ်ခု ဖြစ်ချင်လို့

Photo: Freepik

အတော်အတင့် ပိုက်ဆံရှိတယ်။ အေးအေးဆေးဆေး သက်တောင့်သက်သာ နေမယ်ဆို နေလို့ ရတယ်ဆိုတဲ့ အနေအထားကနေ လူတစ်လုံးသူတစ်လုံး ပေါက်ပေါက်မြောက်မြောက် ဖြစ်ချင်တဲ့သူဟာ Dream Big မလုပ်လို့ကို မရပါဘူး။ လူတိုင်းဟာ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝသမိုင်းကို ကိုယ်တိုင်ပဲ ရေးသားနေရတာပါ။ ကိုယ်ရေးခဲ့တဲ့ သမိုင်းမှာ အစဉ်အဆက် ချီးကျူးဂုဏ်ပြုစရာ ဖြစ်အောင်လည်း ကိုယ်ပဲ လုပ်နိုင်မှာပါ။ သင့်အိပ်မက်က ကြီးကျယ်ခမ်းနားသလောက် တည့်ဖြောင့်မှန်ကန်နေဖို့တော့ လိုပါတယ်။

(၄) သင့်လောကကို ချဲ့ထွင်ဖို့

Photo: Freepik

အိပ်မက်တစ်ခုကို အကောင်အထည်ဖော်တဲ့အခါ လူတစ်ယောက်ဟာ သူ့ရဲ့ တိမ်မြှပ်နေတဲ့ အစွမ်းအစတွေ ၊ သူကိုယ်တိုင် မထင်ထားတဲ့ သတ္တိနဲ့ နည်းလမ်းတွေကို သူကိုယ်တိုင်ပဲ ပြန်သိသွားပါတယ်။ ဒါဟာ သူ့ရဲ့ ကျင်လည်ရာ နယ်ပယ်ကို ချဲ့ထွင်လိုက်တာပါ။ လောကကျယ်ကျယ်မှာ နေထိုင်သူဟာ ပိုပြီး နှံ့စပ်ကျယ်ပြောတဲ့ သဘောထားနဲ့ အရာတိုင်းကို ဖြတ်သန်းနိုင်ပါတယ်။

အိပ်မက်ကြီးကြီး မက်တယ်ဆိုတာ အပြစ်လုပ်တာ မဟုတ်ပါဘူး။ မကောင်းမှု မဟုတ်ပါဘူး။ အိပ်မက်ကြီးကြီးမက်တာဟာ သင့်ကိုယ်သင် လွှင့်တင်လိုက်တာပါ။ သင့်မှာ အိပ်မက်တစ်ခု ရှိတယ်ဆိုရင် အဲ့ဒီအိပ်မက်နောက် လိုက်ဖို့ သတ္တိလည်း ရှိပါစေ။ ဒါဆိုရင် သင့်တောင်ပံတွေ ဘယ်လောက်မြင့်အောင် ပျံသန်းနိုင်မလဲ သင်တကယ်ပဲ သိသွားမှာပါ။