လိမ္မော်သီးဟာ ကလေးရောလူကြီးပါကြိုက်နှစ်သက်တဲ့ အသီးတစ်ခုလို့ပြောရင်မမှားနိုင်ပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ လိမ္မော်သီးစားတဲ့အခါ အထဲကအမွှာတွေကိုပဲစားပြီး အပေါ်ယံအခွံကိုတော့ လွင့်ပစ်ကြတာများပါတယ်။ တကယ်တော့လိမ္မော်ခွံမှာ ထင်မှတ်မထားလောက်အောင်ထူးခြားတဲ့ အစွမ်းတွေပိုင်ဆိုင်ထားပါတယ်။ဒီနေ့မှာတော့ လူတိုင်းအသုံးမဝင်ဘူးလို့ ထင်ကြတဲ့ လိမ္မော်ခွံတွေရဲ့ အံ့မခမ်းအသုံးဝင်ပုံတွေကို မျှဝေပေးချင်ပါတယ်။

(၁) လေထုကိုသန့်စင်ပေးတယ်

Source : Unsplash

လိမ္မော်ခွံမှာပါဝင်တဲ့ လက်ဆက်တဲ့ အဆီရနံ့ဟာ သဘာဝအတိုင်းလေထုကို သန့်စင်စေတာကြောင့် air freshener အဖြစ်အသုံးပြုလို့ရပါတယ်။ လိမ္မော်ခွံကိုရေနွေးဆူဆူထဲထည့်ပြုတ်ပီး ရလာတဲ့အရည်ကို ဖျန်းဘူးအတွင်းထည့်ကာ air freshener အဖြစ်အသုံးပြုနိုင်ပါတယ်။

(၂) ရေခဲသေတ္တာအနံ့ဆိုးတွေပျောက်စေတယ်

Source : The Indian Express

ရေခဲသေတ္တာတွေမှာ တစ်ခါတစ်လေ အသားငါးနဲ့ ဟင်းသီးဟင်းရွှက်တွေမှတစ်ဆင့် ပေါက်ဖွားလာတဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ပုပ်အပ်အပ်အနံ့ဆိုးတွေ ထွက်တာမျိုးကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုမျိုး ရေခဲသေတ္တာအတွင်း အနံ့ဆိုးတွေထွက်လာပြီဆိုရင်တော့ လိမ္မော်ခွံအနည်းငယ်သာ ထည့်ထားလိုက်ပါ။လိမ္မော်ခွံက အနံ့ဆိုးတွေကိုဖယ်ရှားပေးပြီး ချက်ချင်းဆိုသလို အနံ့သက်ဆိုးတွေ သန့်စင်သွားစေမှာဖြစ်ပါတယ်။

(၃) စတီးနဲ့ သစ်သားပစ္စည်းတွေကို အရောင်တင်ပေးတယ်

Source : Little Green Dot

လိမ္မော်ခွံကိုအသုံးပြုပြီး စတီးနဲ့ သစ်သားပစ္စည်းတွေကို သဘာဝအတိုင်းအရောင်တင်နိုင်မှာဖြစ်ပါတယ်။ အိမ်မှာရှိတဲ့ စတီးဖြင့်ပြုလုပ်ထားတဲ့ အသုံးဆောင်ပစ္စည်းတွေနဲ့ သစ်သားဖြင့်ပြုလုပ်ထားတဲ့ အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို အရောင်တင်ချင်တယ်ဆိုရင်တော့ လိမ္မော်ခွံပေါ်ကို ရှာလကာရည် အနည်းငယ်ထည့်ပြီး ပွတ်တိုက်ပေးခြင်းဖြင့် အသစ်တိုင်းတောက်ပြောင်လာစေမှာဖြစ်ပါတယ်။

(၄) အဝတ်အစားတွေကိုမွှေးပျံ့စေတယ်

Source : Times of India

ဗီဒိုထဲမှာကြာရှည်စွာသိမ်းထားတဲ့ အဝတ်အစားတွေမှာ မှိုလိုအောက်သက်သက်အနံ့မျိုးတွေရတာမျိုး ကြုံဖူးကြမှာပါ။လိမ္မော်ခွံက အဝတ်အစားတွေမှာဖြစ်တက်တဲ့ မှိုအနံ့တွေကို ပျောက်စေပြီး သင်းပျံ့လက်ဆက်တဲ့အနံ့မျိုးပေးစွမ်းပါတယ်။ဒါကြောင့် ကိုယ့်ရဲ့ အဝတ်ဗီဒိုရဲ့ဒေါင့်နားမှာ လိမ္မော်ခွံအနည်းငယ်ထည့်ထားဖို့အကြံပြုချင်ပါတယ်။

(၅) ခြင်နဲ့ အင်းဆက်ပိုးမွှားတွေပြေးစေတယ်

Source : Fox News

ရောဂါပိုးတွေသယ်ဆောင်လာပေးတက်တဲ့ ခြင်တဲ့ တခြားသောအင်းဆက်ပိုးမွှားတွေကို သဘာဝနည်းအတိုင်းရှင်းထုတ်ချင်တယ်ဆိုရင်တော့ လိမ္မော်ခွံကသင့်အတွက် အသုံးတည့်စေမှာသေချာပါတယ်။ခပ်သေးသေးအရွှယ်အစားလှီးဖြတ်ထားတဲ့ လိမ္မော်ခွံလေးတွေကို ပြတင်းပေါက်နဲ့ တံခါးဝလို နေရာတွေမှာထားပေးခြင်းအားဖြင့် ခြင်နဲ့ အင်းဆက်ပိုးမွှားတွေမလာအောင် တားဆီးပေးမှာဖြစ်ပါတယ်။