ပင်ပန်းနွမ်းနယ်ခြင်းတွေဟာ လူတိုင်းလိုလိုဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ ပုံမှန်အားဖြင့် သက်ကြီးရွယ်အိုတွေ ၊ လူလတ်ပိုင်းတွေ သာမက ဆယ်ကျော်သက် သုံးပုံတစ်ပုံခန့်မှာပါ ပင်ပန်းနွမ်းနယ်ခြင်းတွေ ခံစားရတက်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ သို့သော် ပုံမှန်ထက်ပိုပြီး အချိန်တိုင်းနီးပါး ပင်ပန်းနွမ်းနယ်သလို ခံစားနေရပြီဆိုရင်တော့ သင့်ရဲ့နေထိုင်မှုပုံစံတွေကို ပြန်လည်စစ်ဆေးဖို့လိုပါပြီး။
ဒီဆောင်းပါးလေးမှာတော့ သာမာန်မဟုတ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေက ဘာကြောင့်ဖြစ်ရလဲ ၊ အမြဲလိုလိုအားအင်ကုန်ခမ်းသလိုခံစားနေရတာ ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းတွေ ပြောပြပေးချင်ပါတယ်။
(၁) ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

Photo : Crello
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာဟာ ပင်ပန်းစေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ သို့သော်ဒါဟာ မှားယွင်းနေတဲ့ ထင်မြင်မှုတစ်ခုပါ။ ခန္ဓာကိုယ်ဟာ လှုပ်ရှားမှုနည်းပါးတဲ့အခါ စွမ်းအင်လျော့ကျပြီး အလွယ်တကူပဲ ပင်ပန်းနွမ်းနယ်ခြင်းတွေ ဖြစ်စေပါတယ်။ ဒါ့ကြောင့် တစ်ရက်ကို အနည်းဆုံး ၄၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်လုပ်သင့်တာဖြစ်ပါတယ်။
(၂) အိပ်ရေးဝဝမအိပ်ခြင်း

Photo : Harvard Gazette
အမြဲပင်ပန်းနွမ်းနယ်နေရခြင်းရဲ့အဓိက အကြောင်းအရင်းတစ်ရပ်က အိပ်ချိန်လုံလောက်စွာမရတာပါပဲ။ ညဘက်ကောင်းစွာအိပ်စက်အနားယူမှသာ နိုးထလာချိန်တွင် ခန္ဓာကိုယ်မှာ စွမ်းအင်များပြည့်ဝပြီး လန်းဆန်းတက်ကြွနေမှာပါ။ အိပ်ရေးမဝဘူး အိပ်ချိန်ပုံမှန်မရှိဘူးဆိုရင် ပင်ပန်းနွမ်းနယ်မှုကို အချိန်တိုင်း ခံစားနေရမှာပါ။
(၃) ကယ်လိုရီစားသုံးမှုနည်းခြင်း

Photo : Freepik
ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ကယ်လိုရီပမာဏစားသုံးပေးဖို့ လိုအပ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီပမာဏစားသုံးပေးခြင်းမရှိဘူးဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးသွားစေပြီး ပင်ပန်းနွမ်းနယ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့လျှင် အနည်းဆုံး ကယ်လိုရီ ၁၂၀၀ လိုအပ်ပြီး ကယ်လိုရီပမာဏ သင့်တင်မျှတအောင် စားသုံးပေးဖို့ အကြံပြုချင်ပါတယ်။
(၄) စိတ်ဖိစီးမှုများခြင်း

Photo : Verywell Mind
စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်စွမ်းအင်ကို ဆုတ်ယုတ်စေပြီး ပင်ပန်းနွမ်းနယ်ခြင်းတွေကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေက ရှောင်လွဲလို့ မရနိုင်ဘူးဆိုပေမယ့် စိတ်ဖိစီးမှုအပေါ် တုန့်ပြန့်ပုံပြောင်းလဲခြင်းဖြင့် ခန္ဓာကိုယ်စွမ်းအင်တွေ လျော့ကျမသွားအောင် ကာကွယ်လို့ရနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေမယ့်အရာတွေကို တက်နိုင်သလောက်ရှောင်ကြဉ်ပါ။ တစ်ခုခုဆိုအတွေးမများပါနဲ့။ နေ့စဉ်ဘဝထဲက ပြဿနာတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပါ။ စိတ်ကိုပေါ့ပေါ့ပါးပါးပဲထားပါ။ စိတ်ဖိစီးမှုနည်းတာနဲ့အမျှ အချိန်တိုင်းပင်ပန်းနွမ်းနယ်သလိုခံစားရတာတွေ သက်သာသွားမှာပါ။
(၅) ကောင်းကောင်းအနားမယူခြင်း

Photo : Freepik
ခန္ဓာကိုယ်ဟာ ကောင်းစွာအနားယူမှုရှိဖို့လည်း လိုအပ်ပါတယ်။ အလုပ်အချိန်မှာအလုပ်ကိုအပြည့်အဝလုပ်ကိုင်ပြီး အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝ အနားယူသင့်တာဖြစ်ပါတယ်။ ကျွန်တော်တို့အများစုဟာ အလုပ်တွေနဲ့ကိုယ်ပိုင်အနားယူချိန်တွေကို ရောထွေးတက်ကြတာကြောင့် ကောင်းစွာအနားမရပဲ အမြဲပင်ပန်းနွမ်းနယ်ခြင်းတွေခံစားနေကြရတာပါ။ ဒါကြောင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့အနားယူမှုတွေ လုပ်ဆောင်ပေးဖို့ အကြံပြုချင်ပါတယ်။
Featured Photo : Unsplash
